ICJ အရေး အစိုးရ ရပ်တည်ချက်ကို ထောက်ခံကြောင်း အထူးဒေသ ၄ အဖွဲ့ ထုတ်ပြန်
DVB
·
December 1, 2019
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားမှုကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်မယ့်အပေါ် လုံးဝထောက်ခံကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ဖွဲ့က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံရဲ့အသံကို နာစွင့်ပြီး နားထောင်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဖွံ့ဖြိုးရေးလမ်းစဉ်အတိုင်း လျှောက်လှမ်းမှာသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်နိုင်ပြီး ပြည်သူလူထုရဲ့ နေထိုင်မှုဘဝ သာယာဝပြောနိုင်မယ်လို့လည်း တိုက်တွန်းထားပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ဝပြည်နယ်အနေနဲ့ မြန်မာအစိုးရရဲ့ သဘောထားရပ်တည်ချက်ကို ထောက်ခံကြောင်း ၀ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ ဝတပ်ဖွဲ့တို့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စနစ်တကျ ပြင်ဆင်ဆောင်ရွက်နေမှုအပေါ် နိုင်ငံတဝန်းရှိ လူထုလူတန်းစား အသီးသီးက ထောက်ခံမှုများ ပြသနေသလို ပြည်တွင်းက မြို့နယ်တချို့မှာလည်း ထောက်ခံကြိုဆိုမှုတွေ လုပ်ဆောင်နေပါတယ်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ တရားရုံးမှာ ကြားနာရမှာ ဖြစ်ပါတယ်။