၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင် ၁၇ မြို့နယ်လုံး အနီးကပ်စောင့်ကြည့်မည်ဟုဆို
DVB
·
November 30, 2019
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်အတွင်းက ၁၇ မြို့နယ်မှာ ကျင်းပမှာဖြစ်ပြီး အနီးကပ် စောင့်ကြည့်သွားမယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ ဖွဲ့စည်းထားတဲ့ ပူးပေါင်းအဖွဲ့ ၄ ဖွဲ့က ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဝံလက်ဒေသဖွံ့ဖြိုးဖောင်းဒေးရှင်း၊ ငြိမ်းချမ်းရေးဖွံ့ဖြိုးရေးရှေ့ဆောင်၊ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်၊ ပြည်သူများအတွက် ပြည်သူတို့က ဦးဆောင်ပြီး လူဦးရေ ၁၀၀၀ ကျော်နဲ့ ရွေးကောက်ပွဲစောင့်ကြည့်သွားမယ်လို့ ဆိုထားပါတယ်။
ငြိမ်းချမ်းရေးဖွံဖြိုးရေးရှေ့ဆောင် (PDI-Kintha) အမှုဆောင်ဒါရိုက်တာ ကိုကျော်ဆန်းလှိုင်က “ရွေးကောက်ပွဲကော်မရှင်က မပါခဲ့တဲ့ မဲစာရင်းတွေဆိုရင် ကျနော်တို့ က ရွေးကောက်ပွဲကော်မရှင် သွားပြီးတော့ တိုက်မယ်၊ ဒီလူတွေက ကျန်သေးတယ်၊ ဒီလူတွေကို မဲစာရင်းကောက်ပေးရမယ် ဆိုပြီးတော့။ ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးသွားမယ်။ တပြိုင်တည်းမှာပဲ သင်းတန်းတွေပေးပြီးတော့ သင်တန်းဆရာတွေ သင်တန်းပေးတဲ့သူတွေအားလုံးကိုလည်း ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ အကုန်စပြီးလုပ်တော့မယ်။ ပြီးတော့ မဲရုံ ၁၀၀၀ ထောင်ကျော်ကို ကျနော်တို့ ခရိုင်အလိုက် လူခွဲပြီးတော့ စောင့်ကြည့်မယ်” လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး ဒီအတိုင်း ဆက်ဖြစ်နေရင်တော့ ရွေးကောက်ပွဲ မကျင်းပဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက “အပစ်အခတ်ရပ်စဲရေး ထိုးနိုင်သွားကြပြီဆိုရင် စစ်ပွဲက ရပ်ပြီ၊ စစ်ပွဲရပ်သွားရင်တော့ ရွေးကောက်ပွဲက ပုံမှန်ကျင်းပလို့ ရသွားပြီပေါ့။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲနဲ့ မြောက်ပိုင်းမြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပဘဲ၊ တောင်ပိုင်းမှာပဲ ကျင်းပသွားမယ်လို့ အစိုးရဘက်က ဆုံးဖြတ်သွားရင် ဒါဟာ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခကို ပိုပြီးတော့ ကြီးထွားလာအောင် တွန်းပို့သလို ဖြစ်မယ်လို့ သုံးသပ်တယ်” လို့ ပြောပါတယ်။
မဲစာရင်းမှာပါတဲ့ တိုက်ပွဲဖြစ်နေတဲ့ဒေသက စစ်ရှောင်တွေသူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးနိုင်ဖို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲဖြစ်စဉ်များရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်စိတ်ချရမှု၊ ပိုမိုအားကောင်းလာစေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြင့်တက်စေဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအလွန် အဖြေထွက်လာတဲ့အထိ မှန်ကန်မှု ရှိ မရှိ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီတွေက ပေးခဲ့တဲ့ ကတိကဝတ်တွေ အကောင်အထည်ဖော်လုပ်ဆောင်သလားဆိုတာအထိ လေ့လာကြည့်စောင့်သွားမယ်လို့ အဲ့ဒီအဖွဲ့က ပြောဆိုထားပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေအပါအဝင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်ကို လာမယ့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကျင်းပသွားမယ်လို့လည်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားပါတယ်။
၂၀၁၅ ခုနှစ်မှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က မဲရုံးပေါင်း ၂၁၀၀ ကျော်လောက်မှာ မဲပေးခဲ့သူဦးရေ ၁၄ သိန်းရှိခဲ့တယ်လို့ ဆိုပါတယ်။
ဝဏ္ဏခွာညို