ရှမ်းနှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့မှ ဘိန်းစိုက်ဧက ၁၈၀ ခန့် ဖျက်ဆီး
DVB
·
November 30, 2019
ရှမ်းပြည်နယ်က ဟိုပုံး၊ ဖယ်ခုံ၊ ဆီဆိုင်၊ ပင်လောင်း၊ မိုင်းတုံနဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်က ဘိန်းစိုက်ခင်း ၁၇၉ ဒသမ ၂ ဧကကို ဖျက်ဆီးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၈ ရက်က ဟိုပုံးမြို့နယ် ကျောက္ကချားရွာနားက သီးပွင့်ဆဲ ဘိန်းခင်း ၂၈ ဧက၊ ဖယ်ခုံမြို့နယ် ဘန်းမိုက်ရွာနားက သီးပွင့်ဆဲ ဘိန်းခင်း ၁၆ ဧက၊ ဆီဆိုင်မြို့နယ်၊ ပချားကလို့ရွာနားက သီးပွင့်ဆဲဘိန်းခင်း ၂၀ ဧက၊ ပင်လောင်းမြို့နယ် တခါးယဉ်ရွာနဲ့ အင်းနီရွာနားက သီးပွင့်ဆဲ ဘိန်းခင်း ၇၄ ဒသမ ၅ ဧကကို ရှမ်းပြည်နယ်က မြို့နယ်ရဲတပ်ဖွဲ့တွေက တရက်တည်း ဖျက်ဆီးခဲ့ကြပါတယ်။
အလားတူ ချင်းပြည်နယ် တွန်းဇံမြို့နယ် အန်းလွန်းရွာနားက ဘိန်းပင်ပေါက် ၁၃ ဒသမ၂ ဧက နဲ့ ဆာလ်ဇန်ရွာနားက သီးပွင့်ဆဲဘိန်းခင်း ၃ ဧကခန့်ကိုလည်း ချင်းပြည်နယ်ရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့ကြပါတယ်။
နိုဝင်ဘာ ၂၂ ရက်ကနေ ၂၇ ရက်အထိ မိုင်းတုံမြို့နယ်က လွယ်ချီလိတ်ရွာနားက အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၅ ဧကအပါအဝင် ကျူကော်ရွာနဲ့ ပိန်းမဟန်နာမှာလည်း သီးပွင့်ဆဲဘိန်းခင်း ၁၉ ဒသမ ၅ ဧက နယ်မြေခံတပ်မတော်သားတွေ ဦးစီးအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
Photo : Ministry of Home Affairs, Myanmar