တနင်္သာရီတိုင်း စားသုံးသူသတင်းပြန်ကြားရေးကို ယခုနှစ်အတွင်း ၁၇ မှု တိုင်ကြား
DVB
·
November 30, 2019
တနင်္သာရီတိုင်းအတွင်း စားသုံးသူသတင်းပြန်ကြားရေးနဲ့ တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန (CICC) ကို ၂၀၁၉ နှစ်အစကနေ လက်ရှိအချိန်အထိ တိုင်ကြားမှု ၁၇ ခု ရှိတယ်လို့ တနင်္သာရီတိုင်း စားသုံးရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦး၀င်းထွန်းက ပြောပါတယ်။
၂၀၁၈ ခုနှစ်က CICC ကို စဖွင့်ခဲ့ပေမယ့် အစပိုင်းမှာတိုင်ကြားမှုမရှိဘဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကစပြီး တိုင်ကြားလာတာလို့ ဆိုပါတယ်။
“တိုင်ကြားမှုတွေ ဖြစ်လာတဲ့အခါမှာ နှစ်ဦးနှစ်ဖက်က ပြေလည်အောင်ခေါ်ယူညှိနှိုင်ပြီးတော့ အရင်ဆုံး ပြေလည်သွားအောင် ဖြေရှင်းတဲ့ကိစ္စကို အရင်ဆောင်ရွက်ပြီး နစ်နာသူက နစ်နာမှုတအားကြီးလို့ပဲ ဖြစ်ဖြစ်၊ မကျေနပ်လို့ဖြစ်ဖြစ် တရားရုံးမှာဆက်ပြီး တရားစွဲဆိုမယ် ဥပဒေအရ အရေးယူမယ်ဆိုရင် ကျနော်တို့က ဥပဒေအရ လိုက်လုပ်ပေးရတယ်။ အဲဒီလို လုပ်ပေးဖို့ ခေါ်ယူညှိနှိုင်းတဲ့အချိန်မှာပဲ အဆင်ပြေသွားကြတယ်၊ ဒီ ၁၇ ခုလုံး အကုန်လုံး ညှိနှိုင်းဖြေရှင်းလို့ပြီးပြီ ” လို့ ဦး၀င်းထွန်းက ဆိုပါတယ်။
အဆိုပါကာလအတွင်း တိုင်းကြားမှုအနေနဲ့ ဖုန်းအော်ပရေတာနဲ့ ပတ်သက်လို့ ၁၃ ခု၊ စပါးရိတ်သိမ်းခြွေလှစ်စက် ကိစ္စ ၁ ခု၊ ဆီဆိုင်မှဆီရေပါကိစ္စ ၁ ခု၊ လွှဲငွေမရောက်လို့ ၁ ခု၊ ဖေ့စ်ဘုတ်ခ်မှ ကွန်ပျူတာ၀ယ်ငွေလိမ်ခံရတာ ၁ ခု စုစုပေါင်း ၁၇ ခု တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
စားသုံးသူတွေဘက်က နစ်နာလို့ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးဌာန (CICC) ကို တိုင်ကြားလာပါက မှန်ကန်ပြည့်စုံမှု ရှိ၊ မရှိ စုံစမ်း စစ်ဆေးအတည်ပြုတာ၊ တိုင်ကြားမှုကို လက်ခံမှတ်တမ်းရေးသွင်းတာ စတာတွေ လုပ်ပြီး အမှုတွဲကို အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၊ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးကော်မတီတွေကို အဆင့်ဆင့် တင်ပြဆောင်ရွက်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လုပ်ငန်းဆောင်ရွက်မှုတွေကို စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီကို အဆင့်ဆင့် တင်ပြပြီး အဆုံးအဖြတ်ခံယူတာ၊ အခြားနစ်နာမှုတွေ ရှိလာပါက သက်ဆိုင် ရာတည်ဆဲဥပဒေတွေအရ တရားရုံးကို ဦးတိုက်လျှောက်ထားစေတာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။
တင့်လွင်