သီပေါမြို့တွင် ဆက်သွယ်ရေး တာဝါတိုင်တခု မီးရှို့ဖျက်ဆီးခံရ
DVB
·
November 17, 2019
ရှမ်းပြည်နယ် သီပေါမြို့မှာ မနေ့မွန်းလွဲပိုင်းက ဆက်သွယ်ရေး တာဝါတိုင်တခု မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
သီပေါမြို့ တောင်မြို့ရပ်ကွက်၊ လယ်ကွင်း အတွင်းရှိ MPT ဆက်သွယ်ရေးဌာနမှ Elite ဆက်သွယ်ရေးကုမ္ပဏီကို အငှားချထားသည့် ဆက်သွယ်ရေး တာဝါတိုင်အမှတ် SHN 00060 မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းအရ သီပေါမြို့နယ် ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး သွားရောက် ငြှိမ်းသတ်ခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် တယ်လီဖုန်းဆက်သွယ်ရေးကိရိယာတွေ တပ်ဆင်ထားတဲ့ ထပ်ဆင့် လွှင့်စက် BTS Box အောက်ခြေမှာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ရပ်အား စစ်ဆေးရာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီရောလျက် ၂ လက်မခန့်ကျန်ရှိတဲ့ ၁၀ လီတာဆံ့ အဝါရောင်ပုံး ၁ လုံး၊ ဂတ်စ်မီးခြစ် ၁ လုံးတို့အား တွေ့ရှိခဲ့ပြီး ZTE ဂျင်နရေတာ မီးစက်အောက်ခြေနဲ့ BTS Box မှ တာဝါတိုင်ကို ဆက်သွယ်ထားတဲ့ ဝါယာကြိုးခွေအား ဓာတ်ဆီ/ဒီဇယ်တွေ ပက်ဖျန်းထားတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မီးရှို့ ဖျက်ဆီးသူ (စိစစ်ဆဲ)အား သီပေါမြို့မရဲစခန်း (ပ)၁၃၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ (မီးရှို့မှု) နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။