စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး အမျိုးသားအဆင့် ဆွေးနွေးမည်
DVB
·
November 17, 2019
နိုင်ငံတဝန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ စားသောက်ကုန်တွေ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစိတ်ချစေရေးအတွက် အမျိုးသားအဆင့်ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်ဦးပိုင်းမှာ ကျင်းပသွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောလိုက်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်က ဗဟန်းမြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဧည့်ခန်းမမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးရာမှာ ဝန်ကြီးက ပြောဆိုခဲ့တာပါ။
အဲဒီဆွေးနွေးပွဲကြီးက အကြံပြုဆွေးနွေးချက်တွေကို ရယူပြီး လုပ်ငန်းမူဘောင်၊ လမ်းပြမြေပုံ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် စားသုံးသူနဲ့ ရောင်းချသူတွေကို ထိရောက်စွာ အသိပညာပေးနိုင်ဖို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဌာနတွေ ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ဖို့လည်း ပြောဆိုခဲ့ပါတယ်။
ဈေးတွေမှာ ရောင်းချတဲ့ စားသောက်ကုန်တွေ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ စားသောက်ကုန်တွေ ဖြစ်စေဖို့ စည်ပင်သာယာရေးကော်မတီနှင့်စည်ပင်သာယာရေးအဖွဲ့များက ဦးဆောင်အခန်းကဏ္ဍက ဆောင်ရွက်ပေးဖို့လည်း နိုဝင်ဘာ ၁၆ ရက်တွေ့ဆုံပွဲမှာ တိုက်တွန်းခဲ့ပါတယ်။