ဖျာပုံ-အမာကားလမ်းပေါ်က တံတား ကုန်ကားဖြတ်မောင်းစဉ် ကျိုးကျ
DVB
·
November 10, 2019
ကျိုးကျလို့ ပြန်ပြင်ထားတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့ ဧရာဝတီတိုင်းထဲက တံတားတစင်း မနေ့ညက ကျိုးကျလို့ ကားတစီးချောင်းထဲ ပြုတ်ကျခဲ့ပါတယ်။
ဖျာပုံနဲ့ အမာ ကားလမ်းမပေါ်က ဆိပ်မဘေလီချောင်းကူးတံတားဟာ မနေ့ည ၁၂ နာရီလောက်က ကုန်ကားတစီးဖြတ်နေတုန်း ကျိုးကျခဲ့တာလို့ အစိုးရပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။
အဲဒီကားဟာ အမာမြို့ဘက်က ဖြတ်နေတုန်း တံတားအလယ်အရောက်မှာ ရေလယ်တိုင် ကျိုးကျလို့ ဖြတ်မောင်းနေတဲ့ ကုန်တင်ကားလည်း ရေထဲ မြုပ်ခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
ပေ ၂၈၀ ရှည်တဲ့ ဆိပ်မချောင်းကူး ဘေလီတံတားကို ၁၉၉၇ ခုနှစ်က ဆောက်လုပ်ပြီးစီးပြီး ၂၀၀၉ ခုနှစ်က တကြိမ် ပြိုကျခဲ့တာကြောင့် တံတားအထူးအဖွဲ့မှ ပြန်လည်ပြင်ဆင်ပြီး အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သွားလာရေးလွယ်ကူစေဖို့ ကူးတို့လှေ ၃ စီးစီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။