ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပင်လယ်ကျားဖောင်လုပ်ငန်းရှင်တွေအနေနဲ့ ကျားဖောင်လုပ်ငန်းတွေ စတင်လုပ်ကိုင်ခွင့်ပြုဖို့အတွက် စစ်ကောင်စီတပ်ကို ငွေသိန်းရာချီ ပေးနေရတယ်လို့ ပင်လယ်ကျားဖောင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
လက်ရှိအချိန်ဟာ ပင်လယ်ကျားဖောင်လုပ်ငန်းတွေ စတင်ပြင်ဆင်နေတဲ့အချိန်ဖြစ်ပြီး ပင်လယ်ကျားဖောင်လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းတွေ စတင်လုပ်ကိုင်ရဖို့အတွက် စစ်ကောင်စီတပ်က ခွင့်ပြုပေးဖို့ ကျားဖောင်အရေအတွက်ပေါ် မူတည်ကာ ကျပ်သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိ စစ်ကောင်စီတပ်က တောင်းယူနေတာကြောင့် ပေးနေရတာဖြစ်တယ်လို့ သိရပါတယ်။
ကျားဖောင်လုပ်ငန်းရှင်တယောက်က “မဖြစ်မနေကို ပေးရတာ၊ မပေးရင် လုပ်မခွင့်မပေးဘူးပြောတာ။ လုပ်ငန်းတွေစတင်ဖို့ ရာသီချိန်ကလည်း ကျပြီလေ။ သူတို့ကို ပေးရတဲ့ငွေက အရမ်းကိုများနေတော့ လုပ်ငန်းခွင်မှာ အခက်အခဲတွေ ကြုံတွေ့နေရတာပေ့ါ။ အလုပ်ကလည်း မလုပ်မဖြစ် အခြေအနေ ဆိုတော့ လုပ်ရတာပဲ။ စစ်ကောင်စီတပ်ကို ပေးရတာ” လို့ ပြောပါတယ်။
ဖျာပုံမြို့နယ်မှာ ပင်လယ်ကျားဖောင်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ ချောင်းဝ၊ ရွှေထီး၊ ခါးပြတ်၊ ဘန္ဒာပင်ကျေးရွာတွေမှာ ကျားဖောင်လုပ်ငန်းရှင်တွေဆီကနေ စစ်ကောင်စီတပ်က ငွေကြေးတောင်းယူနေတာဖြစ်ပြီး မပေးရင် လုပ်ငန်းတွေ ရပ်ထားဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။
နောက်ထပ် ပင်လယ်ကျားဖောင်လုပ်ငန်းရှင်တယောက်က “ပေးပြီးလုပ်နေတဲ့သူတွေ ရှိသလို မလုပ်ဘဲ ရပ်နေရတဲ့သူတွေလည်း ရှိတယ်။ ငွေမပြည့်စုံသေးတော့လေ။ အခုက ဝါးတွေခုတ်၊ သယ်ယူ၊ ဖောင်အတွက် စတင်ပြင်ဆင်ချိန် ဆိုတော့ တောင်းတဲ့ငွေမပေးရင် ဝါးတောင် သယ်ယူ အသုံးပြုခွင့်မရဘူး။ တခါမှ အဲဒီလို မပေးရဘူး၊ စစ်ကောင်စီတပ်က လက်နက်ပြပြီး ဓား ပြတိုက်နေတာ။ ကောင်းကောင်းကို လုပ်ကိုင်ရှာဖွေစားသောက်ခွင့်မရဘူး” လို့ ပြောပါတယ်။
အဲဒီ ပင်လယ်ကျားဖောင်လုပ်ငန်းကို အရင်က ကျားဖောင်လုပ်ငန်းရှင်တယောက်အနေနဲ့ ကျားဖောင် ၆ ဖောင်ကနေ ၁၀ ဖောင်အထိ လုပ်ကိုင်ကြတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်ကို ငွေအဆမတန် ပေးရတာ၊ လုပ်သားခဈေးတက်လာတာနဲ့ တခြားအထွေထွေကုန်ကျစရိတ်တွေ ဈေးထိုးတက် နေတာ ကြောင့် လျှော့ချလုပ်ကိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီ ပင်လယ်ကျားဖောင်နဲ့ ပင်လယ်ပြင်က ငါး၊ ပုစွန် တွေကို အဓိကထား ဖမ်းယူကြပြီး ပင်လယ်ကျားဖောင်တစီးကို လုပ်သား ၅ ယောက်ကနေ ၁၅ ယောက်အထိ လုပ်သားတယောက်ကို လုပ်အားခ တလ ၂၅၀,၀၀၀ အထိပေးခေါ်ယူကာ လုပ်ကိုင်ရတာလို့ သိရပါတယ်။