Home
မြန်မာသတင်း
ကုန်သွယ်ရေး စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ASEAN+3 ထိပ်သီးညီလာခံတွင် တိုက်တွန်း 
DVB
·
November 5, 2019
China, South Korea, Japan leaders emphasise significance of ASEAN cooperation to tackle trade challenges
ကုန်သွယ်ရေးစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံ အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်ရေးက အရေးပါတယ်လို့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန် ခေါင်းဆောင်တွေက အလေးပေး ပြောဆိုလိုက်ပါတယ်။ အာဆီယံနဲ့ အရှေ့အာရှ ၃ နိုင်ငံ ထိပ်သီးညီလာခံအတွင်း နိုဝင်ဘာ ၄ ရက်နေ့က ခုလို ပြောလိုက်တာပါ။ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိစ္စတွေကို အာဆီယံ ခေါင်းဆောင်တွေနဲ့ အတူ တရုတ်ဝန်ကြီးချုပ် လီကီချန်း၊ တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဆွေးနွေးခဲ့ကြပါတယ်။ ကုန်သွယ်ရေးအပြင် အရှေ့တောင်အာရှနဲ့ အရှေ့ အာရှ ဒေသတွင်း ၂၀၅၀မှာ ပင်လယ်ပြင် ညစ်ညမ်းမှုလျှော့ချဖို့ ဂျပန်က ကနဦးခြေလှမ်းတွေကို တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေက ပြောပါတယ်။ ကမ္ဘာ့စီးပွားရေး တိုးတက်နှုန်း နှေးနေတာနဲ့အတူ လက်ရှိ ကမ္ဘာ့ အခြေအနေဟာ ရှုပ်ထွေး ခက်ခဲမှုတွေ နက်နဲသိမ်မွေ့မှုတွေနဲ့အတူ စိန်ခေါ်မှု အသစ်တွေ ပိုကြီးတဲ့ ဖိအားတွေကို တွေ့ကြုံ နေရတယ်၊ ASEAN+3 ပူးပေါင်းဆောင်ရွက်မှုဟာ အဖိုးတန်တဲ့ အတွေ့အကြုံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အင်အားတွေကို ကမ်းလှမ်းပြီး ဒေသတွင်း နိုင်ငံတွေကြားမှာ ယုံကြည်မှု တိုးမြှင့်ဖို့ ကူညီလိမ့်မယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။ “ကျနော်တို့ဟာ လွတ်လပ်စွာ ကုန်သွယ်ရေး အစီအစဉ်ကို ပြင်ပ သြဇာတွေကနေ ကာကွယ်ဖို့ လိုအပ်တယ်၊ ကမ္ဘာ့စီးပွားရေးကိုလည်း မျှခြေကျယ်ပြန့်လာဖို့ လမ်းကြောင်းပေါ်ကို ပြန်တင်ရမယ် ASEAN+3 ခေါင်းဆောင်တွေဟာ ဒီအရေးအတွက် ပူးပေါင်းဆောင်ရွက်ရာမှာ အချက်အချာကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ကျနော် မျှော်လင့်တယ်”လို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းက ပြောပါတယ်။ အာဆီယံ ထိပ်သီးညီလာခံနဲ့ အာဆီယံ အရှေ့အာရှ ၃နိုင်ငံ ထိပ်သီးညီလာခံ တွေကို ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၂ရက်က စပြီး ၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတာပါ။ ဒီနှစ်ညီလာခံအတွင်း အာရှဆယ့်ငါးနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်လာမယ့် စာချုပ်အတွက် စည်းကမ်းချက်တွေ သတ်မှတ်ချက်တွေကို သဘောတူခဲ့ကြပါတယ်။ အိန္ဒိယအစိုးရကတော့ သိသာတဲ့ အကောက်ခွန်နဲ့ တခြားအရေးကိစ္စ မတူခြားနားမှု တွေကြောင့် ဒီသဘောတူညီချက်မှာ ပူးပေါင်းဖို့ မဆုံးဖြတ်သေးဘဲ အချိန်ယူနေခဲ့ပါတယ်။ ထိုင်းနိုင်ငံက ဒီနှစ်မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ပြီး လာမယ့်နှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ  နေရာကို ဗီယက်နမ်နိုင်ငံဆီ လွှဲပေးခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013