ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ကုန်ပစ္စည်းသယ်ယူခွင့်ကို အိန္ဒိယဘက်က ပြန်မဖွင့်သေးဘူးလို့ ကုန်သည်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဇို-ရိခေါဒါရ်လမ်းကို အိန္ဒိယနိုင်ငံဘက်က ဇူလိုင် ၂၅ ရက်က စတင်ပိတ်ပင်ခဲ့ပြီး လက်ရှိ ဩဂုတ် ၇ ရက် ၁၀ ရက်ကျော်ကြာတဲ့အထိ ပြန်မဖွင့်သေးတာပါ။
ရိခေါဒါရ် (ဟွာငိုးလ်ဒေသ) အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက “ဂိတ်ကတော့ စီးပွားရေး ကုန်သွယ်ရေး ပစ္စည်းတွေတော့ အကုန်ပိတ်ထားတယ်။ မီဇိုရမ်ကာစတန်ကနေ ပိတ်ခိုင်းတာ၊ ကုန်သွယ်ရေးအခွန်အခ ပေးဆောင်တဲ့ ကိစ္စတွေပေါ့။ တချို့ကတော့ ကုန်က တန်ဖိုးမရှိဘူး၊ ကာစတန်ခက အများကြီးပေးရတယ်။ တချို့က စျေးကြီးတဲ့ပစ္စည်းတွေဖြစ်တယ်၊ ကာစတန်ခက နည်းနည်းပဲပေးရတယ်။ အဲလိုမျိုးကိစ္စတွေ တိုင်တာတောတာတွေရှိတော့ အခြေအနေစောင့်ကြည့်ဖို့ ပိတ်လိုက်တဲ့သဘောပါ။ မီဇိုရမ်ဘက်က ကာစတန်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆွေးနွေး တိုင်ပင်နေတာရှိတယ်” လို့ ပြောပါတယ်။
နယ်စပ်ဂိတ်အနီးဝန်းကျင်က ဒေသခံတွေ စားသောက်ဖို့ တနိုင်တပိုင် ဝယ်ယူဖို့ကိုတော့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ရိခေါဒါရ်ဒေသခံတဦးက “တံတားကတော့ လူတွေ ခရီးသည်တွေတော့ သွားလာလို့ရတယ်။ အခွန်ဆောင်ရတဲ့ သွင်းကုန်ထုတ်ကုန်တွေပေါ့၊ သကြား၊ ဆီ၊ ပဲ၊ ဆန် အဲဒါတွေ အကုန် အဝင်အထွက် ပိတ်တာပေါ့။ မိသားစုစားဖို့ လောက်ရုံလောက်တော့ သယ်ခွင့်ပေးထားတယ်။ အခုတော့ အခြေခံစားသောက်ကုန် ကုန်စိမ်းပေါ့ စားဖို့တော့ ပေးသယ်တယ်။ ရောင်းဖို့သယ်တာကိုကျ ပိတ်ထားတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက ကုန်ပစ္စည်းသယ်ယူခွင့် လမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ရခိုင်ကုန်သည်တွေဟာ အိန္ဒိယက ဝင်လာတဲ့ ကုန်တွေကို ချင်းပြည်နယ်ကတဆင့် သယ်ယူနေရတာ ဖြစ်ပါတယ်။