Home
မြန်မာသတင်း
ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် ၁၀ ဦးပျောက်ဆုံး
DVB
·
November 4, 2019
Chin representative U Hwayt Tin
ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ အိန္ဒိယနိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၁၀ ဦးဟာ  အမြန်ရေယာဉ် စပိဘုတ်နှစ်စီးနဲ့ ပလက်ဝမှ ကျောက်တော်သို့ အသွားလမ်းခရီးမှာ ပျောက်ဆုံးနေပါတယ်။  အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းဟာ နေပြည်တော်မှာ ပြုလုပ်မယ့် လွှတ်တော်ပုံမှန်အစည်းအဝေးသို့ တက်ရောက်ဖို့ နိုဝင်ဘာ ၃ ရက် မနက် ၈ နာရီလောက်က  ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပူရ်လမ်းပိုင်း)က အိန္ဒိယနိုင်ငံသားဝန်ထမ်း ၅ ဦး၊ စကားပြန် ၂ ဦး၊ စပိဘုတ်မောင်းသူ ၂ ဦး လိုက်ပါလျက် စပိဘုတ်နှစ်စီးနဲ့ ထွက်ခွာသွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားတာလို့ ပလက်ဝ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ ခရီးကြာချိန် သတ်မှတ်ချက်အရ ကျောက်တော်ကို မနက် ၁၀ နာရီမှာ ရောက်ရှိရမှာဖြစ်ပေမယ့်  ညနေ ၄ နာရီအချိန် အထိရောက်ရှိလာခြင်း မရှိတာကြောင့် သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ရာ တာဝန်ရှိသူတွေက သူတို့ကိုင်ဆောင်တဲ့  လက်ကိုင်ဖုန်းတွေကို ဆက်သွယ်ပေမယ့် စက်ပိတ်ထားကြောင်း သိရပါတယ်။ အဲဒီနောက် ချင်းပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ ပလက်ဝမြို့နယ် သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေက ချက်ချင်းစုံစမ်းရှာဖွေရာ စပိဘုတ်နှစ်စီးကို ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်၊ ပွီဝုန်းအောက်နား ကျောက်တန်း ရခိုင်ရွာအနီးကမ်းစပ်မှာ မွန်းတည့် ၁၂ နာရီလောက်ကတွေ့ရှိတယ်လို့ သတင်းရထားပေမယ့် လူ ၁၀ ဦးစလုံးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီကိုယ်စားပြု လွှတ်တော်အမတ်တဦးလည်း ဖြစ်ပြီး ပျောက်ဆုံးနေသူတွေကို ပြန်လည်တွေ့ရှိနိုင်ဖို့ မြို့နယ်အုပ်ချုပ်ရေး၊ ရဲနဲ့ စစ်တပ် ပူးပေါင်းပြီး လိုက်လံရှာဖွေ စုံစမ်းနေပါတယ်။  ဓာတ်ပုံ-Htuttaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024