ပေါ့ဘာနှင့်ဒီဂီယာ လီဗာပူးပွဲ လွဲချော်မည်ဟု ဆိုးလ်ရှားပြော
DVB
·
October 17, 2019
လီဗာပူးနဲ့ပွဲမှာ ပေါ့ဘာနဲ့ ဂိုးသမားဒီဂီယာတို့ လွဲချော်မယ်လို့ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။
ဂိုးသမားဒီဂီယာဟာ စပိန်အသင်းအတွက် ကစားပေးရင်း ဆွီဒင်နဲ့ တဂိုးစီသရေကျတဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဒီဂီယာရဲ့ ကြွက်သားဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်ဆေးရမှာဖြစ်ပြီး အောင်တိုဘာ ၂၀ ရက်နေ့ ကစားမယ့် လီဗာပူးနဲ့ပွဲစဉ်ကို လွဲချော်မယ်လို့ ဆိုးလ်ရှားက အတည်ပြုခဲ့တာပါ။
ကွင်းလယ်ကစားသမား ပေါ့ဘာကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကတည်းက ခြေထောက်ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့တာပါ။
ပေါ့ဘာရဲ့ ဒဏ်ရာဟာ သက်သာလာပြီဖြစ်ပေမဲ့ လီဗာပူးနဲ့ပွဲကိုတော့ လွဲချော်မှာဖြစ်ပြီး နောက်တပတ်ပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။
တခြားကစားသမားတွေဖြစ်တဲ့ မာစီယယ်၊ ဝမ်ဘက်ဆာကာ တို့ကတော့ အသင်းလူစာရင်းမှာ ပါဝင်လာနိုင်ပြီး ပွဲချိန်ဘယ်လောက်အထိ ကစားနိုင်မလဲဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုသွားခဲ့ပါတယ်။