Home
မြန်မာသတင်း
မြောက်ဦးမြို့အနီးတွင် မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် ခရီးသည် ၃၁ ဦးကို အေအေ ဖမ်းဆီး
DVB
·
October 13, 2019
AA catch firemen from training
ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးမှာ ရွှေပြည်သစ် ခရီးသည်တင် ယာဉ်တစီးပေါ်ကနေ မီးသတ်တပ်ဖွဲ့ဝင်တွေ အပါအဝင် ခရီးသည် ၃၁ ဦးကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်က ပြောပါတယ်။ မန္တလေးကနေ စစ်တွေကို ထွက်ခွာလာတဲ့ ရွှေပြည်သစ် ခရီးသည်ယာဉ်ကို အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီလောက် မြောက်ဦးမြို့ မြောက်ဘက် ကန်ကြီးကုန်း မိုင်တိုင် ၁၂၇ အရောက်မှာ အေအေအဖွဲ့ဝင် ၁၀ ယောက်လောက်က တားဆီးပြီး ဖမ်းဆီးသွားတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “လက်နက်ကိုင် သောင်းကျန်းသူ ဆယ်ဦးကျော်လောက်က အရပ်ဝတ်နဲ့ တားဆီးပြီးတော့ ကားပေါ်မှာ ပါလာတဲ့ အခြေခံမီးသတ်သင်တန်းက ဆင်းလာတဲ့ သင်တန်းသား ၁၈ ယောက်၊ အရပ်သား ၁၂ ယောက်၊ ဒုမီးသတ်ဦးစီးမှူး ၁ ယောက်၊ စုစုပေါင်း ၃၁ ယောက်ကို ဖမ်းပြီး ခေါ်ဆောင်သွားတယ်။ အဲဒီရွှေပြည်သစ်ကားကတော့ မန္တလေးကနေ အောက်တိုဘာ ၁၀ ရက်နေ့ နေ့လယ် နှစ်နာရီထိုးမှ ထွက်လာတဲ့ကားဖြစ်တယ်။” ဖမ်းဆီးခေါ်ဆောင်ခံရသူတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လိုက်လံစုံစမ်းနေတယ်လို့ ဆိုပါတယ်။  “တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လိုက်လံစုံစမ်း ဆက်လက်ဆောင်ရွက်နေပါတယ်။ လုံခြုံရေးအနေနဲ့ကတော့ ကျနော်တို့ သုံးသပ်တာကတော့ ပလက်ဝဘက်မှာလည်း လူငယ်လူရွယ်တွေ ဖမ်းဆီးခံရတာတွေ ရှိတယ်။ သူတို့အနေနဲ့ကတော့ တပ်သားသစ် အတင်းဖမ်းဆီးခေါ်ဆောင် စုဆောင်းတဲ့သဘောမျိုး ဖြစ်နေတယ်။” အခုလို မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၃၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး အေအေအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရသေးပါဘူး။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ပြင်ဦးလွင်မြို့နယ် ဇီးကုန်းသင်တန်းကျောင်းမှာ မွမ်းမံသင်တန်းတက်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ပြန်လာကြတာလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024