၂၂ ဘီးယာဉ်တိမ်းမှောက်ပြီး သစ်ပင်ရိပ်နားနေသူများပေါ် ပိမိ၍ ၄ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ
DVB
·
October 12, 2019
ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၅/၄ နဲ့ ၅ အကြား ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းရွာစျေးအနီးမှာ အောက်တိုဘာ ၁၁ ရက်က ၂၂ ဘီးတွဲကား တိမ်းမှောက်ပြီး သစ်ပင်အောက်နားနေတဲ့ ခရီသွားတွေပေါ် ပိကျခဲ့တာကြောင့် ၄ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။
ရန်ကုန်ဘက်ကနေ မန္တလေးဘက် တင်မောင်ဝင်း မောင်းနှင်ပြီး စားသုံးဆီ တင်လာတဲ့ ၂၂ ဘီးတွဲကားကာ ဂျွိုင်းဆက်ပြတ်ပြီး ထိန်းမရဖြစ်ကာ လမ်းရဲ့ ဝဲဘက်ခြမ်းမှာ တိမ်းမှောက်သွားခဲ့ပြီးနောက် လမ်းဘေးသစ်ပင်ရိပ်အောက် နားနေကြတဲ့ ခရီးသွားတွေအပေါ် တွဲကားပိခဲ့ပြီး သေဆုံးဒဏ်ရာ ရခဲ့ကြတာပါ။
ရွှေတောင်ရွာရဲစခန်း ဒုရဲအုပ် သန်းထွန်းဦးက "၆နှစ်အရွယ်ကလေးနဲ့ သူအဖေ အမေ အပါအဝင် မိသားစု ၃ ယောက်လုံး တွဲကားပိပြီး သေဆုံးတယ်။ တောင်သာမြို့က အမျိုးသား ၁ ဦး သေဆုံးတယ်၊ ပေါင်း ၄ ဦး နေရာတင် သေဆုံးသွားတယ်။ ဘုန်းဘုန်း ၂ ပါးနဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရသွားတယ်" လို့ ပြောပါတယ်။
ဒေသခံ ကိုပြေသိမ်းက "အခါတွင်း ရုံးပိတ်ရက် နေရပ်ကို ဆိုင်ကယ်နဲ့ ပြန်လာကြသူတွေပေါ့။ စျေးသွားစျေးလာတွေ နားရအောင် ထနောင်းပင်ဘေး ဝါးကွပ်ပြစ်ကလေး လုပ်ထားတယ်၊ အဲဒီမှာ ဝင်နားကြတုန်း စားဆီတွေတင်လာတဲ့ကားကြီး မှောက်ပြီး ပိကုန်တာပါပဲ။ ဖြစ်တောင့်ဖြစ်ခဲတခု တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတယ်" လို့ ပြောပါတယ်။
မိတ္ထီလာခရိုင်မီးသတ်ဦးစီမှူး ဦးကျော်ဆန်းက "တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ပိုလန်နိုင်ငံထုတ် အကြီးစားကယ်ဆယ်ရေးယာဉ် အသုံးပြုပြီး ကားအောက်ပိနေသူတွေ ကယ်ထုတ်ပေးရတယ်။ စားဆီတွေ လမ်းပေါ်ဖိတ်နေတာ ကားလမ်းမချော်အောင် ရေဂါလန် ၅၆၀၀ သုံးပြီးဆေးကြော သန့်စင်ပေးရတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် ၇ စီးပျက်စီးပြီး ဂါလန် ၅၀ ဆန့် စားသုံးဆီ ပေပါ ၂၅ လုံး ပျက်စီးခဲ့ပါတယ်။
ရွှေတောင်ရွာရဲစခန်းက ယာဉ်မောင်း တင်မောင်ဝင်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရစေမှု၊ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၃၃၇ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
မောင်မောင်လင်း