ရန်ကုန်တိုင်းအစိုးရက ရောင်းချမယ့် မြေကွက်များ ခိုင်မာမှုရှိဟု မြို့တော်ဝန် အာမခံ
သူဇာလင်း
·
October 8, 2019
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ရောင်းချမယ့် မြေကွက်တွေက နောက်ထပ်အစိုးရ ပြောင်းသွားပေမယ့်လည်း ဒီမြေကွက်တွေက ခိုင်မာမှုရှိတယ်ဆိုတာကို အပြည့်အဝ ထောက်ခံတယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က ကျင်းပတဲ့ စည်ပင်သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေကွက် ၅၀၀ ကျော်ကို ပထမဆုံးအသုတ်နေနဲ့ မနေ့က စတင်ရောင်းချပေးနေပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဒဂုံ ၄ မြို့နယ်နဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာက မြေကွက်တွေကို စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေ လုပ်ကိုင်ဖို့နဲ့ လူနေထိုင်ဖို့အတွက်ကို မြေအသုံးပြုခွင့်ကို စည်ပင်က သတ်မှတ်တဲ့ စရိတ်ပေးသွင်းပြီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
မြေအသုံးပြုခွင့် လျှောက်လွှာခေါ်ယူတဲ့ နေ့မှာပဲ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးမှာ လာရောက်လျှောက်ထားတဲ့သူက သတ်မှတ် အရေအတွက်ထက် များတယ်လို့ ဆိုပါတယ်။