ပျဉ်းမနားတွင် မီးလောင်ကုန်တင်ရထားမှ ပစ္စည်းလာလုသူများကို သေနတ်ပစ်ဖောက် လူစုခွဲ
DVB
·
October 6, 2019
နေပြည်တော် ပျဉ်းမနားမှာ မီးလောင်တဲ့ ကုန်တင်ရထားဆီကနေ ပစ္စည်းလုယူဖို့ လာသူတွေကို သေနတ်ဖောက် လူစုခွဲခဲ့ရတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
မနေ့ည ၉ နာရီလောက်က ပျဉ်းမနားမြို့၊ ဂွကြားရပ်ကွက် ရန်ကုန်-မန္တလေးရထားလမ်း မိုင်တိုင် (၂၂၄/၁၂-၁၃)ကြားမှာ ဖြစ်ခဲ့တာပါ။
ကုန်တွဲ ၁၂ တွဲပါတဲ့ ရန်ကုန်-မန္တလေး အထူးပါဆယ် အဆန်ကုန်ရထားရဲ့ တွဲအမှတ် KBHV 40189 ထဲက ကော်ထည်/ ဆပ်ပြာကုန်ကြမ်းအမှုန့်၊ ဆပ်ပြာအဆီပုံးတွေနဲ့ မုန့်မျိုးစုံတွေဟာ ကုန်တွဲထဲက အပူချိန်ကြောင့် ဓာတ်ပြုပြီး မီးလောင်ခဲ့ပါတယ်။
ဒါကို မီးသတ်ယာဉ် ၅ စီးနဲ့ ငြှိမ်းသတ်ခဲ့လို့ နာရီဝက်လောက်အကြာမှာ မီးငြိမ်းသွားပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် လူ ၂၀၀ လောက်က မီးလောင်တဲ့ ရထားတွဲပေါ်က ပစ္စည်းတွေကိုယူဖို့ စုဝေးရောက်လာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ ပြောပေမယ့် မခွဲလို့ မိုးပေါ်ကို သေနတ်နဲ့ ၂ ချက် သတိပေး ပစ်ခတ်ခဲ့မှ လူစုကွဲသွားတယ်လို့လည်း ဆိုပါတယ်။