ဆောမြို့နယ်၌ ၁၀ ဘီးယာဉ်တစီးပေါ်မှ တရားမဝင် ကျွန်းသစ်များဖမ်းမိ
DVB
·
October 6, 2019
မကွေးတိုင်း၊ ဆောမြို့နယ်၊ ထီးလင်းကျောက်ထု လမ်းပိုင်းမှာ အောက်တိုဘာ ၅ ရက် ညနေပိုင်းက လယ်ယာစိုက်ပျိုးရေး တံဆိပ်ပါ ၁၀ ဘီးကားပေါ်က တရားမဝင်သစ်တွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ကျောက်ထုနယ်မြေ ရဲကင်းစခန်း စခန်းမှူးနဲ့ တပ်ဖွဲ့ဝင် ၄ ဦးတို့က ကျောက်ထု-ထီးလင်း ကားလမ်းမိုင်တိုင် ၄ မိုင် ၂ ဖာလုံနဲ့ ၃ ဖာလုံကြားမှာ FUSO အစိမ်းရောင် ၁၀ ဘီးယာဉ်ကို စစ်ဆေးရာမှာ ကျွန်းသားဆိုဒ်စုံ ၂၃ ချောင်း၊ ၁ ဒသမ ၆၄၈၈ တန် ကာလတန်ဖိုး ကျပ် ၅ သိန်းကျော် တွေ့ရှိခဲ့တာလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စလှယ် ဦးကျော်မြင့်က ပြောပါတယ်။
ကျောက်ထု နယ်မြေရဲစခန်းက ယာဉ်မောင်း၊ သစ်ပိုင်ရှင်နဲ့ ယာဉ်ပိုင်ရှင်တို့ကို ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
သတင်း-ကိုလင်း(ချောက်)၊ ဓာတ်ပုံ-ဦးကျော်မြင့်