Home
မြန်မာသတင်း
ချမ်း​အေးသာစံမြို့နယ်​ ရဲတပ်ဖွဲ့မှူးအပါအ၀င် ၄ ဦးကို ရုံးထုတ်၊ တရားလိုကို စစ်ဆေး
DVB
·
July 18, 2019
chan
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ချမ်း​အေးသာစံမြို့နယ်​ ရဲတပ်ဖွဲ့မှူးအပါအ၀င် ၄ ဦးအမှုနဲ့ ပတ်သက်ပြီး တရားလိုဘက်ကို မန္တ​လေးခရိုင်တရားရုံးမှာ ဒီကနေ့  စစ်ဆေးပါတယ်။ မန္တ​လေးမြို့ ချမ်း​အေးသာစံမြို့နယ်မှ မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူးသိန်းနိုင်​၊ ယခင်​စခန်းမှူး​ဟောင်း ဖြစ်တဲ့ ရဲအုပ်​​ကျော်​သူနဲ့ အမှုစစ်​အရာရှိတွေဖြစ်တဲ့ ဒုရဲအုပ်​ ထွန်းထွန်းလင်း၊ ဒုရဲအုပ်​ ​ကျော်​နိုင်​ဦး တို့ကို အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေးဥပ​ဒေနဲ့ အမှုဖွင့်​ထားတာပါ။ ဒီကနေ့မှာတော့ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်ထံက စစ်ချက်ရယူခဲ့တာလည်းဖြစ်ပါတယ်။ "လောလောဆယ်တော့ ဘာမှ မပြောချင်သေးပါဘူး။ ပြီးတော့မှ ပြောမယ်၊လောလောဆယ် ဘာမှ ပြောစရာမရှိဘူး'' လို့ တရားစွဲဆိုခံထားတာ ရဲမှူးသိန်းနိုင်က တရားခွင်ကို သွားရောက်စဉ် သတင်းသမားတွေရဲ့ မေးမြန်းမှုအပေါ် ဖြေကြားပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းမှာ တိုင်ကြား ခဲ့တဲ့ (ပ)၃၄၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုကိစ္စနဲ့ ပတ်သက်ပြီး ချမ်းအေးသာစံ မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်က အမှုကိစ္စ အဆင်ပြေစေဖို့ တရားခံရဲ့ဖခင်ထံကနေ ငွေကျပ် ၂ သိန်း၊ စခန်းမှူး ရဲအုပ်ကျော်သူက တရားခံရဲ့ ဖခင်ထံကနေ ငွေကျပ် ၂ သိန်းနဲ့ အိုးဘိုအကျဉ်းထောင်မပို့ဖို့အတွက် ငွေကျပ် ၂ သိန်းယူခဲ့တယ်လို့ ကော်မရှင်က ဆိုပါတယ်။ ဒါအပြင် အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းက တရားခံရဲ့ ဖခင်ထံကနေ တရားခံကို မညှဉ်းပန်းမနှိပ်စက်ဖို့နဲ့ အမှုကိစ္စအဆင်ပြေစေဖို့ ငွေကျပ် ၁ သိန်းခွဲ၊ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ဆိုင်ကယ်ပြန်လည်ရရှိဖို့ အတွက် ငွေကျပ် ၂ သိန်းခွဲတို့ကို လက်ခံရယူခဲ့​တယ်လို့ စစ်​​ဆေး​ပေါ်ပေါက်ခဲ့တာကြောင့် အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး​ကော်​မရှင်​က ထုတ်​ပြန်​​ကြေညာပြီး အမှုဖွင့်လှစ် တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။ ဒါတင်မက ဒုရဲအုပ် ကျော်နိုင်ဦးဟာ (ပ)၅၁၀/၂၀၁၈ အမှုနဲ့ ပတ်သက်ပြီး တရားခံထံကနေ ရဲစခန်း အာမခံကိစ္စဆောင်ရွက်ရာမှာ အမှုစစ်၊ စခန်းမှူး၊ မြို့နယ်မှူးတို့ကို လက်ဖက်ရည်ဖိုး ပေးဖို့အတွက် ငွေကျပ် ၅၀၀၀ဝိ စီပါ စာအိတ် ၃ အိတ်၊ စုစုပေါင်း ငွေကျပ် ၁၅၀၀၀ဝိ ကို တောင်းခံရယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စခန်းမှူး ရဲအုပ်ကျော်သူဟာ (ပ)၆၅၈/ ၂၀၁၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဂ) အမှုနဲ့ ပတ်သက်ပြီး အာမခံပေးဖို့အတွက် တရားခံရဲ့ အကူအညီတောင်းခံမှုအပေါ် သဘောတူညီမှုရယူခဲ့ပြီး ငွေကျပ် ၂၅ သိန်းကို လက်ခံရယူခဲ့ခြင်း၊ အဆိုပါ အမှုပိတ်သိမ်းနိုင်ဖို့အတွက် ငွေကျပ် သိန်း ၁၀၀  တောင်းခံရယူဖို့ အားထုတ်ခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်​ပြန်​ထားပါတယ်။ လက်​ရှိမှာ စွပ်​စွဲခံရသူ အရာရှိ ၄ ဦးအနက်​ ရဲမှူးသိန်းနိုင်နဲ့ ရဲအုပ်​ထွန်းထွန်းလင်းတို့ကို ဖမ်းဆီးကာ တရားလိုဘက်ကို စတင်ရုံးထုတ်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ ရဲအုပ်​​ကျော်​သူနဲ့ ဒုရဲအုပ်​​ကျော်​နိုင်​ဦးကကတော့ ထွက်​​ပြေးတိမ်း​ရှောင်​နေဆဲပဲဖြစ်ပါတယ်။ သူတို့ ၄ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဇွန်​လ ၁၄ ရက်​​နေ့ ည​နေပိုင်းက အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​က တိုင်​ကြားခဲ့တာလည်း ဖြစ်ပါတယ်။ သတင်း- ထိန်ထိန်လင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013