Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှု အကြောင်းပြ၍ မရိုးမသား အလှူခံလျှင် အရေးယူမည်ဟု ရဲတပ်ဖွဲ့ သတိပေး
DVB
·
July 11, 2019
Photo-YeZarNi
မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် စွပ်စွဲတာ၊ ဆူပူဆန္ဒပြစေဖို့ လှုံ့ဆော်တာနဲ့ မရိုးမသား အလှူခံတာတွေလုပ်ရင် စိစစ်အရေးယူမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီအမှုပတ်သက်လို့ ပထမအဆင့်အနေနဲ့ သက္ကမိုးညို ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ကို  ကြိုတင်လျှို့ဝှက်စုံစမ်း ဖော်ထုတ်ခဲ့ပြီး ဘယ်သူဘယ်ဝါ သိရတာနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့သလို ဆက်စပ်သူတွေကိုလည်း ဆက်လက်စိစစ် ဖော်ထုတ်အရေးယူမယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဗစ်တိုးရီးယားအမှုမှာ ကူညီဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းကို ဇူလိုင် ၁၀ ရက်မှာ ပျဉ်းမနားမြို့နယ်ရဲစခန်းက  အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄(ဃ) နဲ့ အမှုဖွင့်ပြီး ငွေကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးထားပါတယ်။ ဇူလိုင် ၁၀ ရက် ည ၈ နာရီကျော်လောက်မှာတော့ ဒေါက်တာဝင်းကိုကိုသိန်းရဲ့ နေပြည်တော်ရှိ နေအိမ်ကို ပျဉ်းမနားစခန်းမှူး ဒုရဲမှူးအောင်နိုင်ဦး ရောက်လာပြီး ဘဏ်အကောင့်နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ဆေးစာပြန်ကြားချက်၊ စီစီတီဗွီမှတ်တမ်း၊ ဓာတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူတွေရဲ့ သက်သေခံ ထွက်ဆိုချက်တွေ အပါအဝင် တခြားအထောက်အထားတွေနဲ့ ခရိုင်ဥပဒေရုံးရဲ့ အကြံပြုချက်နဲ့အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ စီအိုင်ဒီအနေနဲ့ စီစီတီဗွီ အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရရှိပြီး BBC ဖေ့စ်ဘွတ်ခ်သတင်း မဖော်ပြခင်ကတည်းက တရားရုံးသက်သေခံ တင်ခဲ့ပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက သက်သေခံဆေးစာလည်း မပျောက်တာကြောင့် တရားရုံးသက်သေခံ တင်ပြီးဖြစ်သလို မူကြိုကျောင်း၊ လမ်းပေါ်၊ အိမ် ဘယ်ဘက်မှမလိုက်ဘဲ စစ်ဆေးခဲ့တယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခံခဲ့ရတဲ့ Wisdom Hill မူကြိုကျောင်းသူ ဗစ်တိုးရီးယားအမှုအတွက် တရားမျှတမှု ရရှိရေးနဲ့ သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ရေးအတွက် ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးအတော်များများမှာ ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013