Home
မြန်မာသတင်း
စက်ချွတ်ယွင်းနေသည့် နိုင်ငံခြားကုန်တင်ရေယာဉ်ထံ တပ်မတော်က ရိက္ခာများပို့ဆောင်
DVB
·
July 6, 2019
arm ship
မြန်မာ့ပင်လယ်ပြင်အတွင်း စက်ချွတ်ယွင်းပြီး ရိက္ခာပြတ်လပ်နေတဲ့ နိုင်ငံခြားကုန်တင်ရေယာဉ် တစီးကို တပ်မတော် (ရေ) မှ စစ်ရေယာဉ် (ကျန်စစ်သား) နဲ့ ရိက္ခာတွေ ပို့ဆောင်ခဲ့တယ်လို့ တပ်မတော်က ဇူလိုင် ၅ ရက်က သတင်းထုတ်ပြန်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် မြန်မာ့ပင်လယ်ပြင်မှာ ဇွန် ၁၇ ရက်က Palau နိုင်ငံမှ TANTO STAR(STAN) အမည်ရှိ ကုန်တင်သင်္ဘောတီးဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ကို ထွက်ခွာလာစဉ် ရေယာဉ်စက်မကြီး ချွတ်ယွင်းမှု ဖြစ်ပွားခဲ့တာကြောင့် ဟိုင်းကြီးကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၂ မိုင်ခန့်အကွာမှာ ကျောက်ချ ပြင်ဆင်နေပြီး တပ်မတော်(ရေ)က လိုအပ်တဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ကြောင်း ဇွန် ၁၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါစက်ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့တဲ့ ကုန်တင်ရေယာဉ်ကြီးအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ ပြည်တွင်းကုမ္ပဏီမှ ရေယာဉ်တစီးဟာ ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပေမယ့် ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် ရေယာဉ်ကြီးဆီကို ပေးပို့နိုင်ခြင်းမရှိခဲဘူးလို့ သိရပါတယ်။ ဇူလိုင် ၄ ရက်နေ့က ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်နေကြောင်း ကုန်တင်ရေယာဉ်ကြီးက ပြည်တွင်းကုမ္ပဏီထံ ဆက်သွယ် အကြောင်းကြားခဲ့ပေမယ့် ပင်လယ်ပြင်အတွင်း လှိုင်းလေပြင်းထန်နေတာကြောင့် သွားရောက် ပို့ဆောင်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဇူလိုင် ၅ ရက်မှာ တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား) ဆီကို ဆက်သွယ်အကြောင်းကြားလာခဲ့တာကြောင့် ကုန်တင်ရေယာဉ်ကြီးပေါ်ရှိ ရေယာဉ်အမှုထမ်း ၁၇ ဦးအတွက် လိုအပ်တဲ့ ရိက္ခာ၊ ရေနဲ့စက်ပစ္စည်းတွေ သွားရောက်ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013