Home
မြန်မာသတင်း
တပ်မတော်ရေယာဉ်ပစ်ခတ်ခံရမှု သံသယဖြင့် ဖမ်းထားသူ ၃ ဦးကိုလွှတ်ပေး
DVB
·
July 6, 2019
army
တပ်မတော်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က တပ်မတော်ရေယာဉ် တိုက်မှုမှာ သံသယနဲ့ ဖမ်းဆီး ထားသူတွေထဲက ၃ ဦးကို ဇူလိုင် ၅ ရက်နေ့က လွှတ်ပေးခဲ့ပြီး ၇ ဦးကိုတော့ စစ်တွေမြို့နယ်တရားရုံးမှာ ဆက်လက်ချုပ်ရမန်ယူထားပါ တယ်။ ပြီးခဲ့တဲ့ဇွန်လ ၂၂ ရက်နေ့ မနက်အစောပိုင်းက စစ်တွေမြို့ ဆပ်ရိုးကျချောင်းအဝမှာ ရပ်နားထားတဲ့ စစ်တပ်ရဲ့ပင်လယ်သွားတွဲဆွဲယာဉ်ကို ရှော့တိုက် ဒုံးသုံးလုံးနဲ့ ရက္ခိုင့်တပ်တော် (အေအေ) က ပစ်ခတ်ခဲ့တာကြောင့် အဆိုပါယာဉ်ရဲ့ ပဲ့စင်ထိပ်ပိုင်းပျက်စီးသွားကာ တပ်မတော် သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိခဲ့တာလို့ တပ်မတော်က ထုတ်ပြန်ထားတာပါ။ အဲဒီနေ့ မနက်မိုးလင်းချိန်မှာတော့ လက်နက်နဲ့ ပစ်ခတ်ခဲ့တဲ့နေရာ ခြံဝင်းထဲမှာနေထိုင်တဲ့ မိသားစု၊ အဲဒီခြံဝင်းမှာ အလုပ်လုပ်နေကြတဲ့ ပန်းရံသမားတွေနဲ့ ပစ်ခတ်မှုဖြစ်ပွားချိန်မှာ အဲဒီအနီးအနားမှာရှိနေခဲ့တဲ့ လူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှာ စစ်ဆေးခဲ့ပါတယ်။ ဖမ်းဆီးခံထားရသူ စိုးဌေးအောင်နိုင်ရဲ့ ဖခင် ဦးသိန်းရွှေမောင် “သူတို့မှာက ပေါက်ကွဲမှုတခုဖြစ်တယ်။ ပေါက်ကွဲမှုဖြစ်တာကိုလည်း ကျနော့်သားသိတာမဟုတ်ပါဘူး။ ကျနော့်သားက မသိခဲ့လို့ အလုပ်ဆင်းသွားတာ။ အလုပ်ဆင်းသွားတာက ဒီလိုထိန်းသိမ်းခံရပြီးတော့ ဒီနေရာမျိုးကို ရောက်သွားတာ။ ကျနော့်သားကို ရိုက်တယ်။ ပုတ်တယ်။ ဒီလိုနှိပ်စက်နေလို့ ကျနော့်သားကို ဒီမှာမထားချင်တော့ပါဘူး။ အမြန်ဆုံးလွှတ်စေချင်ပါတယ်။ မရှိဆင်းရဲလို့ အလုပ်သွားလုပ်ခိုင်းတာ ၅ ရက်ပဲရှိပါသေးတယ်။ ၅ ရက်မှာပဲ ဖြစ်သွားတာပါ”လို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်ခြံဝင်းထဲမှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မောင်ဌေးလင်းကတော့ ဖမ်းဆီးခံခဲ့ရတဲ့အထဲမှာ သူနဲ့အတူ သူရဲ့မိဘနှစ်ဦးဟာလည်း ပါဝင်ပေမယ့် သူ့ကိုတော့ အမှတ် (၁) ရဲစခန်းမှာ ၂ ရက်လောက် ချုပ်နှောင်စစ်ဆေးခဲ့ပြီး အာမခံနဲ့ လွှတ် ပေးလိုက်တယ်လို့ ဆိုပါတယ်။ “ကျနော့် အမေ၊ အဖေတို့ကိုလည်း လွှတ်ပေးစေချင်တယ်။ တရားဥပဒေက လက်ပိုက်ကြည့်မနေဘဲ အမှန်တရားကို ဖော်ထုတ်ပေးပါလို့ ကျနော်ပြောချင်ပါတယ်။ ကျနော်တို့ မိသားစုက ခြံထဲမှာဖြစ်တဲ့ ပေါက်ကွဲမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖမ်းခံထားရတာ။ ကျနော်ပါ အဖမ်းခံလိုက်ရတာပေါ့။ အမှတ်(၁)မှာ နှစ်ညလောက်အိပ်ခဲ့ရတယ်။ ကျနော့်ကို စစ်ဆေးတာပေါ့။” ဖမ်းဆီးထားသူတွေထဲက ၃ ဦးကို မနေ့က လွှတ်ပေးလိုက်ပြီး လက်ရှိမှာတော့ ၇ ဦးကျန်ရှိနေပါတယ်။ ဖမ်းဆီးထားသူတွေကိုတော့ ရမန်နှစ်ပတ်ထပ်ယူထားပြီး ပြည်နယ်အရန်ရဲတပ်ဖွဲ့မှာ စစ်ဆေးနေတယ်လို့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။ ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (အေအေ) ဘက်ကတော့ သူတို့ရဲ့လုပ်ရပ်ဖြစ်ကြောင်း မီဒီယာတွေကို ထုတ်ဖော်ပြောကြားထားပါတယ်။ အခုကိစ္စနဲ့ပတ်​သက်​လို့ စစ်​​တွေမြို့အမှတ်​ ၁ ရဲစခန်းကို ဆက်​သွယ်​ခဲ့​ပေမယ့်​ ဆက်​သွယ်​လို့ မရရှိခဲ့ပါဘူး။ ၀ဏ္ဏခွာညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013