Home
မြန်မာသတင်း
လေထုမငြိမ်မသက်ဖြစ်နေပြီး မုန်တိုင်းဖြစ်နိုင်ရန် အလားအလာ မြင့်တက်နေ
DVB
·
June 14, 2019
weather-U Tun Lwin
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ လေထုမငြိမ်မသက်ဖြစ်နေပြီး မုန်တိုင်းဖြစ်နိုင်ဖို့ အလားအလာ မြင့်တက်လာနေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဇွန် ၁၃ ရက်ညမှာ ထုတ်ပြန်ပါတယ်။ အာရေဗျပင်လယ်မှာ ဆိုင်ကလုန်းမုန်တိုင်း VAYU ဆက်လက်ဖြစ်ပေါ်နေပြီး အိန္ဒိယကမ်းခြေကနေ ဝေးရာ အနောက်မြောက်ယွန်းယွန်းကို စတင်ရွေ့လျားနေပါတယ်။ မနေ့မနက် ၉ နာရီအချိန် KALPANA_1 ဂြိုဟ်တုမှ တိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး အမြင့်ပေ ၄ ပေ မှ ၇ ပေလောက် ရှိနိုင်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ 29°C မှ 35°C ခန့်၊ ကျန်ဒေသတွေမှာ 23°C မှ 28°C လောက်အထိ ရှိနိုင်ပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) တို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားတဲ့ အဆင့်မှာ ရှိနိုင်ပြီး ကျန်ဒေသတွေမှာ လွန်ကဲအဆင့်မှာ ရှိနိုင်ပါတယ်။ တပြည်လုံးမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနိုင်ပြီး အလားအလာအများဆုံး ဒေသတွေကတော့ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့ ဖြစ်ကြပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ နေရာကျဲကျဲ၊ ကျန်ဒေသတွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အရ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မိုးပိုလာနိုင်တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013