Home
မြန်မာသတင်း
ပဲခူးမြို့တွင် အခွန်ရှောင်သူ အများအပြား စိစစ်တွေ့ရှိဟု စည်ပင်ပြော
DVB
·
May 20, 2019
sp
ဌာနဆိုင်ရာတွေရဲ့ စည်းကမ်းလျော့ရဲမှုကြောင့် ပဲခူးမြို့နယ်အတွင်းမှာ အခွန်ရှောင်သူ အများအပြားကို စိစစ်တွေ့ရှိရတဲ့အတွက် အခွန်ပုန်း အခွန်ရှောင် စာရင်းတွေကို ကောက်ယူနေတယ်လို့ ပဲခူးမြို့ နယ်စည်ပင်ကော်မတီက ပြောပါတယ်။ ပဲခူးမြို့နယ် စည်ပင်ကနေ ဦးဆောင်ပြီး အခု မေလဆန်းပိုင်းကစပြီး အခွန်အပြည့် ရရှိရေးအတွက် အခွန်ပုန်း အခွန်ရှောင် စာရင်းကောက်ယူတဲ့ လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေတာလို့ ပဲခူးမြို့နယ် စည်ပင်ကော်မတီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ဝေက ဒီဗွီဘီကို ပြောပါတယ်။ “အခုလုပ်ဆောင်တဲ့ စီမံချက်ထဲမှာ အိမ်ဆောက်မိန့် ရှိမရှိ ကောက်ယူတယ်၊ မရှိရင် အိမ်ဆောက်မိန့် တင်ခိုင်းတယ်။ အိမ်ခွန်တွေကိုလည်း အပ်ဒိတ်လုပ်တယ်။ ဥပမာ တချို့အိမ်တွေက အရင်က တဲအိမ်ဖြစ်ပြီး  ၆ လကို ၆၀၀ ကျပ် ဆောင်ခိုင်းတယ်၊ အခု တိုက်အိမ်တွေ ဖြစ်ကုန်ရင် ဒါတွေကို အခွန်တိုးမြှင့်ဖို့လုပ်တယ်။ ပြီးတော့ လုပ်ငန်းလိုင်စင်တွေ ဆိုင်းဘုတ်လိုင်စင်တွေကို စနစ်တကျ စရင်းကောက်ပြီး မရှိရင် လုပ်ခိုင်တာတွေလည်း လုပ်တယ်။ အခုလို အခွန်ပုန်းရှောင် စီမံချက်ကို ဆောင်ရွက်ရတာဟာ အရင်နှစ်ပေါင်း များစွာကတည်းက ၀န်ထမ်းတွေကနေ ပေါ့ပေါ့လျော့လျော့ လုပ်ဆောင်ခဲ့တာတွေကြောင့် ခုလို စီမံချက်ရေးဆွဲတင်ပြပြီး ဆောင်ရွက်ရတာ။” လိုက်လံကောက်ယူတဲ့နေရာမှာ လမ်းမတန်း ဆောက်လုပ်တဲ့ အဆောက်အဦတွေသာ စည်ပင်မှာ ခွင့်ပြုမိန့်တင်ကြပြီး လမ်းသွယ်တွေထဲက အိမ်တွေ ခွင့်ပြုမိန့်မတင်ကြတာ များတယ်လို့ ဆိုပါတယ်။ “ဘယ်လောက်ထိများလည်းဆို အိမ်သစ် ၁၀ လုံးဆောက်ရင် ၇ လုံးလောက်ပဲ ခွင့်ပြုမိန့်တင်တယ်။ အဲဒီလို အိမ်ဆောက်မိန့် မတင်ဘဲဆောက်တဲ့ အဆောက်အဦတွေအနေနဲ့ ကြိုတင်ဆောက် ဒဏ်ကြေးပါ ဆောင်ရမှာဖြစ်တယ်။” ဒါကြောင့် အိမ်သစ်ဆောက်သူတွေအနေနဲ့ စည်ပင် ခွင့်ပြုမိန့်တင်ပြီးမှ ဆောက်ကြဖို့ တိုက်တွန်းသွားပါတယ်။ စည်ပင်ကနေ အခုလို အခွန်ရှောင်စာရင်းတွေ လိုက်ကောက်နေတာကို ကြိုဆိုကြောင်း၊ ဒါပေမယ့် မြို့ရွာဖွံ့ဖြိုးရေးတွေ လုပ်ရာမှာ တပြးညီဖြစ်စေချင်တယ်လို့ ပဲခူးမြို့ နန်းတော်ရာရပ်ကွက်နေ ဦးစိုးဝင်းက ပြောပါတယ်။ “သူတို့တွေက မြို့ပေါ်တွေမှာပဲ ဖွံ့ဖြိုးရေးတွေ၊ သာယာရေးတွေ လုပ်ပြီး ကျနော်တို့လို မြို့စွန်မြို့ဖျား အတွင်းပိုင်းတွေကတော့ ဆောင်ရွက်ပေးမှု အားနည်းနေတယ်။” ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ရာမှာ လက်ရှိရှိထားတဲ့ အခွန်စာရင်းတွေနဲ့ အများကြီး  ကွာဟချက်တွေ တွေ့ရပြီး စာရင်း ကောက်နေဆဲဖြစ်တဲ့အတွက် ဘယ်လောက်ထိ အခွန်ပုန်းရှောင်တယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ စည်ပင်ကော်မတီက ပြောပါတယ်။ အောင်စိုးမိုး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013