Home
မြန်မာသတင်း
အလုပ်လျှောက်သူများထံမှ ငွေတောင်းခံသည့် စည်ပင်ဝန်ထမ်း ၁ ဦးကို ထုတ်ပယ်
DVB
·
May 10, 2019
MCDC
မန္တလေးမြို့ စည်ပင်ဌာနမှာ အလုပ်ရဖို့ အလုပ်လျှောက်ထားသူတွေဆီကနေ ငွေကြေးတောင်းခံတဲ့ စည်ပင်ဝန်ထမ်း ၂ ဦးထဲက တဦးကို အလုပ်က ထုတ်ပယ်လိုက်ပြီး တဦးကိုတော့ အရေးယူဖို့ လုပ်နေတယ်လို့ စည်ပင်ကော်မတီဝင်တွေက ပြောပါတယ်။ ငွေကြေးတောင်းခံသူတွေထဲမှာ စည်ပင်က စာရေး ၁ နဲ့ စာရေး ၂ အဆင့်ရှိသူနှစ်ဦး ပါဝင်နေပြီး ဥပဒေအရ အရေးယူမယ်လို့ စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပါတယ်။ စည်ပင်က လစ်လပ်ဝန်ထမ်း နေရာအတွက် ပြီးခဲ့တဲ့လပိုင်းက အလုပ်ခေါ်ရာမှာ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ ညောင်ဦး၊ ပခုက္ကူ စတဲ့ ဒေသတချို့မှာ အလုပ်ရရှိဖို့အတွက် ငွေပေးရတာတွေ ရှိတယ်လို့ သိရှိခဲ့ရပြီးနောက်ပိုင်း စုံစမ်းအရေးယူမှုတွေ စတင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်ရရှိဖို့ ငွေကြေးပေးကမ်းရသူတွေ အနေနဲ့ တိုင်ကြားသူတွေကို ကာကွယ်ပေးမယ်လို့ စည်ပင်က ပြောပါတယ်။ ဒါ့အပြင် စည်ပင်သာယာရေး ကော်မတီရဲ့ လစ်လပ် လုပ်ငန်းနေရာတွေမှာ အလုပ်ခေါ်ယူဖို့ အစီအစဉ်တွေလည်း ရှိနေပြီး ယာယီဝန်ထမ်း ခေါ်ယူတာကအစ သတင်းစာကနေ တရားဝင်ခေါ်ယူနေတာလို့ စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ ဝန်ထမ်းခေါ်ယူရာမှာ လူပွဲစားတွေက အလုပ်ခေါ်စာနဲ့တကွ နယ်ဒေသတွေကို သွားရောက်ပြီး လျှောက်လွှာတင်ပေးပြီးသည်အထိ တသိန်းကျပ်နဲ့ အလုပ်ရရှိပါက သုံးသိန်းကနေ ငါးသိန်းအထိ တောင်းခံနေတာလို့ ဆိုပါတယ်။ ဝန်ထမ်းအသစ်တွေ ခေါ်ယူရာမှာ ငွေကြေးတစုံတရာပေးဖို့ မလိုအပ်ဘဲ အလုပ်ခေါ်တဲ့ဌာနမှာ အခမဲ့ လျှောက်လွှာတောင်းယူကာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ အလုပ်ခေါ်ယူမှုအတွက် မည်သည့်ဒေသမှာ နေသည်ဖြစ်စေ လျှောက်ထားနိုင်ကြောင်းနဲ့ အရည်အချင်းပေါ် မူတည်ပြီး အလုပ်ခန့်ထားပေးမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013