ကုလသမဂ္ဂ စင်မြင့်ထက်က ဒေါ်မြစိန် (သုတကဖေး)
DVB
·
April 30, 2019
၁၉၆၀ ပြည့်နှစ်၊ ကုလသမဂ္ဂရဲ့ တတိယကော်မတီ စည်းဝေးခန်းမမှာ လူစုံနေပြီ။ အစည်းဝေးက မစနိုင်သေးဘူး။ အရေးပါတဲ့ ကိုယ်စားလှယ်တယောက် အလာကို မျှော်နေကြတယ်။
အဲ့ဒီအချိန်မှာပဲ လော်စပီကာကနေ “မြန်မာနိုင်ငံကိုယ်စားလှယ် မစ္စတာဒေါ်မြစိန် အစည်းအဝေးခန်းမ အမှတ်---ကို အမြန်လာပါ။ အစည်းအဝေး စပါတော့မယ်” ဆိုတဲ့ ခေါ်သံကြီး ထွက်ပေါ်လာတော့ “မစ္စတာဒေါ်မြစိန်” ဆိုတဲ့ မြန်မာအခေါ်အဝေါ်အသုံး သိသူတွေက ပြုံးကြပေါ့။ ဒေါ်မြစိန်ရောက်လာတော့မှ အစည်းအဝေး စတင်နိုင်တယ်လို့ သံအမတ်ကြီး ဦးအောင်သန့်က မှတ်တမ်းပြုခဲ့တယ်။
တကယ်တော့ ကုလသမဂ္ဂမှာ ပုံမှန်အစည်းဝေးပွဲက အရေးကြီးသလို ကြိတ်ဝိုင်း ဆွေးနွေးပွဲဟာလည်း အရေးပါတယ်။ ကြိတ်ဝိုင်းဆွေးနွေးတာက ကန့်လန့်ကာနောက်ကွယ်မှာ ဆွေးနွေးကြတာပါ။ ကိုယ်စားလှယ်တိုင်းကတော့ ကြိတ်ဝိုင်းပွဲတွေကို မတက်နိုင်ကြပါဘူး။ ဒီပွဲတွေမှာ မြန်မာကိုယ်စားလှယ် အဖွဲ့ထဲက ဒေါ်မြစိန်ဟာ ဦးဆောင်ဆွေးနွေးလေ့ ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခုပုံမှန်စည်းဝေးပွဲမှာ ဒေါ်မြစိန် မလာသေးတဲ့အတွက် မစနိုင်ဘဲ ဖြစ်နေတာကြောင့် စပီကာနဲ့ ကြေညာခေါ်ယူခဲ့တာပါ။ အဲ့ဒီပွဲမှာ ဒေါ်မြစိန်ဟာ မြန်မာ့ စိန်ဗေဒါကြီးအဖြစ် ကင်ပွန်းအတပ်ခံရတယ်လို့ သံအမတ်ကြီး ဦးအောင်သန့်က ရေးခဲ့ပါတယ်။
ဒေါ်မြစိန်ဟာ ကုလစင်မြင့်မှာ နာမည်ကြီးခဲ့တာက အခုမှမဟုတ်။ ကုလသမဂ္ဂမဖြစ်မီ နိုင်ငံပေါင်းချုပ် အသင်းကြီးရဲ့ ၁၉၃၁ ခုနှစ်၊ အမျိုးသမီးအခွင့်အရေး စိစစ်မှုကော်မတီ ဆွေးနွေးပွဲ တက်စဉ်ကတည်းက ပွဲလယ်တင့်သူပါ။ ဒါကြောင့်လည်း ၁၉၃၂ ခုနှစ်ထဲရောက်တော့ မြန်မာ့အရေးအတွက် အင်္ဂလန်မှာကျင်းပတဲ့ မျက်နှာစုံညီ အစည်းအဝေးပွဲမှာလည်း တွဲရေးခွဲရေးကိစ္စမှာ အပြတ်ရပ်တည်ခဲ့သူ အဖြစ်လည်း နာမည်ကြီးခဲ့ရသူပါ။
အပြောကောင်း အကြောင်းပြချက်ကောင်းတွေနဲ့ အတိုက်အခံလုပ်ခဲ့တာ။ ကောင်းပေမပေါ့ အင်္ဂလန် အောက်စဖို့ဒ်ကျောင်းတော်ကြီးကပဲ မြန်မာအမျိုးသမီးထဲမှာ ပထမဆုံးသော (M.A, B.litt,) ဘွဲ့တွေ ရခဲ့သူပဲလေ။
မျိုးရိုးကြည့်ပြန်တော့လည်း ဖခင် ဦးမေအောင်ဆိုတာ ဥပဒေပါမောက္ခတယောက် ဖြစ်သလို ဘုရင့်အတိုင်ပင်ခံရဲ့ ပြည်ထဲရေးဝန်ကြီးပေပဲ။ သူ့အစ်ကို ထွန်းလှအောင်ဆိုတာ နောင်တချိန် ရဲချုပ်ဖြစ်မယ့် ပညာတတ်ကလေးပဲ။ မိခင်ဘက်ကြည့်တော့ ဟိုတချိန်က ရန်ကုန်မြို့ဝန်ဟောင်း စစ်ကဲမောင်ထော်လေးရဲ့ မြေးတယောက်ပါ။ သူကတော့ စစ်ကဲမောင်ထော်လေးရဲ့ မြစ်ပေါ့။
ငယ်စဉ်ကတည်းက စာတော်ခဲ့တာလည်း ပြောဖို့တောင် လိုမယ်မထင်ပါဘူး။ ဂျာဒင်းဆုလည်း ရခဲ့ဖူးတယ်။ အစိုးရပညာသင်ဆုလည်း ရခဲ့တယ်။ ၁၉၂၀ ရန်ကုန်ကောလိပ်တက်တော့လည်း အိုင်အေမှာ ဂုဏ်ထူး ၄ ဘာသာနဲ့ အောင်တယ်။ ကောလိပ်ကျောင်းသူ ဘဝမှာလည်း ပထမဆုံး ဖွဲ့စည်းခဲ့တဲ့ ကျောင်းသားကိုယ်စားလှယ်ကောင်စီမှာ ဦးဆောင်ပါဝင် လှုပ်ရှားခဲ့သလို စာပေနှင့် ဒီဘိတ်ကော်မတီမှာလည်း ဦးဆောင်သူဖြစ်ခဲ့တယ်။ ဒီအတွေ့ကြုံတွေကပဲ နောင်တချိန်မှာ သူ့အတွက် ပွဲဝင် ရဲရင့်စေခဲ့ဟန်ပါပဲ။
ပထမဦးဆုံး အတွင်းဝန်ရုံးကို ဝိုင်းပြီး အမျိုးသမီး အခွင့်အရေး တောင်းဆိုဖို့ အဓိက လှုံ့ဆော်သူက ဒေါ်မြစိန်ပါ။ အဲ့ဒီအချိန်က သူဟာ သမိုင်းဘာသာရပ်နဲ့ မဟာဝိဇ္ဇာဘွဲ့ကို ပထမအဆင့်နဲ့ အောင်မြင်ခဲ့ပြီး အဲ့ဒီနှစ်မှာပဲ အောက်စဖို့ဒ်တက္ကသိုလ်မှာ ဘီလစ်ဘွဲ့အတွက် ပညာသင်သွားရမှာပါ။
အဲ့ဒီနှစ်ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အမျိုးသမီးအမတ် မြန်မာနိုင်ငံမှာ ထားရှိပေးဖို့ အတွင်းဝန်ရုံးကို ဝိုင်းပြီး ဆန္ဒပြကြပါတယ်။ ရှေ့ဆုံးက သူ့အဘွားဖြစ်သူ မင်းကတော်ကြီး ဒေါ်မြမေနဲ့ သတင်းစာဆရာမကြီး အင်ဒီပင်းဒင့် ဒေါ်စန်းတို့ကို ဦးဆောင်ချီတက်စေပါတယ်။
ဆန္ဒပြတဲ့ အမျိုးသမီးအားလုံး မြန်မာ့ရိုးရာ အထိမ်းအမှတ်အဖြစ် ပုသိမ်ထီးတွေ ကိုယ်စီနဲ့၊ “မိန်းမတွေ မကြောက်ကြနဲ့”။ “မိန်းမအမတ်ရရှိရေး…ဒို့အရေး” အစရှိတဲ့ ဆိုင်းဘုတ်တွေ ကိုင်လို့။ ဒီတိုက်ပွဲရလဒ်ကတော့ ၁၉၃၆ အုပ်ချုပ်ရေးအသစ်မှာ မိန်းမအမတ်ထားရှိရေးကို အင်္ဂလိပ်အစိုးရက ခွင့်ပြုပေးလိုက်ရပါတယ်။
ပထမဆုံး အမျိုးသမီးထု အခွင့်အရေးတိုက်ပွဲ ဖြစ်ခဲ့သလို အတွင်းဝန်ရုံးကို ဝိုင်းပြီး ဆန္ဒပြခြင်းဟာ ပထမဆုံးသော အမျိုးသမီးထုဖြစ်ခြင်းရဲ့ပြရုပ်တခုလည်း ဖြစ်ခဲ့ပါတယ်။
၁၉၃၀ မှာတော့ ဂျနီဗာ နိုင်ငံပေါင်းချုပ်အသင်းက ကျင်းပတဲ့ အမျိုးသမီးထု အခွင့်အရေး ကော်မတီကို တက်ရောက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ရှေ့ပိုင်း လုပ်ဆောင်ချက်တွေပေါ့။ ဒီမှာ အလေးထား ပြောချင်တာတချက်က မြန်မာ့လွတ်လပ်ရေးအတွက် တထောင့်တနေရာက သူ့ရဲ့ ပါဝင်ပတ်သက်မှု အကြောင်းပါ။
စစ်အတွင်းမှာ စစ်ပြေးအစိုးရရဲ့ အကြံပေးအဖြစ် ဆင်းမလားမှာ တာဝန်ထမ်းရွက်ခဲ့တယ်။ စစ်ပြီးတော့ ၁၉၄၅ ထဲမှာပဲ The Future of Burma (ဗမာ့အနာဂတ်အရေး) ဆိုတဲ့ စာအုပ်တအုပ် ရေးသားထုတ်ဝေခဲ့တယ်။ ဒီစာအုပ်မှာ စစ်အပြီး ဗမာပြည်ကြုံတွေ့ရမယ့် ပြဿနာရပ်တွေကို တင်ပြထားတယ်။
အဓိကအချက်က ဓနသဟာရအတွင်း နေထိုင်ရေးနဲ့ ဓနသဟာရမှ သီးခြားကင်းလွတ်စွာ နေထိုင်ရေးတို့မှာ တွေ့ကြုံရမယ့် နိုင်ငံရေး လူမှုရေး ပြဿနာတွေကို ကမ္ဘာ့အရေးနဲ့ ယှဉ်ပြီး ရေးထားတာ။
စစ်ကြီးပြီးတော့ ဗြိတိသျှအစိုးရကို မြန်မာတို့သဘောထားအဖြစ် သူရေးတဲ့ ဗမာ့အနာဂတ်အရေး စာအုပ်ပါ အချက်တချို့ကို အခြေခံပြီး ရှင်းပြပေးဖို့ ဖဆပလ ဥက္ကဋ္ဌကိုယ်တိုင် အကူအညီ တောင်းခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ အခြားအားထုတ်ချက်တွေကတော့ “ဗမာ့အုပ်ချုပ်ရေးသမိုင်း”၊ "ဆာခြားရော့စ်ဝိတ်နဲ့ ဗမာပြည်အုပ်ချုပ်ရေး အုတ်မြစ်ချခြင်း”၊ “ဗမာ့လွတ်လပ်ရေးတွင် အမျိုးသမီးထု အခန်းကဏ္ဍ”၊ “ပုဂံဘုရားများစာတမ်း” တို့ကို ပြုစုခဲ့တယ်။ လွတ်လပ်ရေးရပြီး သမိုင်းဌာနမှာ ကထိကအဖြစ် အမှုထမ်းခဲ့တယ်။
တချိန်က ကုလသမဂ္ဂစင်မြင့်ထက်မှာ ဗမာစိန်ဗေဒါကြီးအဖြစ် ခပ်စွာစွာ လက်စောင်းထက်ခဲ့သူ၊ ပညာရေးမှာ ထူးချွန်သူ၊ ဗမာပညာရေးမှာ ပထမဆုံး အမျိုးသမီးထဲက မဟာဝိဇ္ဇာဘွဲ့ရသူအဖြစ် နာမည်ကြီးခဲ့သူ၊ အတွင်းဝန်ရုံးကို ပထမဆုံး ဝိုင်းပတ်ဆန္ဒပြခဲ့သူ၊ ပထမဆုံးသော ဗမာ့အမျိုးသမီးထု အခွင့်အရေးအတွက် တောင်းဆိုလှုပ်ရှားခဲ့သူ၊ သမိုင်းဌာနရဲ့ ကထိက၊ ဥရောပနဲ့ အမေရိကန်တက္ကသိုလ်တို့မှာ အရှေ့အာရှသမိုင်းနဲ့ ဗမာ့ယဉ်ကျေးမှုဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် လှည့်လည် ဟောပြောပို့ချပေးခဲ့ရင်း မြန်မာ့ဂုဏ်ကို ဖော်ဆောင်ပေးခဲ့တဲ့ ဆရာမကြီး ဒေါ်မြစိန်ဟာ ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဘဝတပါးသို့ ပြောင်းသွားခဲ့ပါပြီ။
မျိုးဆက်အဖြစ် သား ဦးမြဘော်နဲ့ သမီး ဒေါ်မြသန္တာတို့ ကျန်ရစ်ခဲ့ပါတယ်။ ဆရာမကြီးရဲ့ ဂုဏ်ကျေးဇူးကို အလေးထားသောအားဖြင့် ဂုဏ်ပြုတင်ဆက်လိုက်ပါတယ်။ ဆရာမကြီး ကောင်းရာဘုံဘဝသို့ ရောက်ပါစေသောဝ်..။
ဆရာဋ္ဌေး