Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင် ပါတီမှား မဲပေးမိလို့ ကိုယ့်လက်ညိုးကိုယ်ပြန်ဖြတ်ခဲ့တဲ့ အိန္ဒိယမဲဆန္ဒရှင်
DVB
·
April 21, 2019
ind
ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီကို မှားယွင်းမဲပေးပြီးတဲ့ အတွက် အိန္ဒိယအမျိုးသားတဦးဟာ သူ့လက်ညိုးကို သူကိုယ်တိုင်ဖြတ်ပစ်ခဲ့တယ်လို့ ဧပြီ ၁၉ ရက်နေ့ Sky News သတင်းမှာ ဖော်ပြပါတယ်။ ဒီလိုမျိုးလုပ်ခဲ့သူဟာ ပါဝမ်ကူးမားဆိုသူဖြစ်ပြီး သူဟာ အူတာပရာဒတ်ရှ်ပြည်နယ်ရဲ့ ဒုတိယ အကျော့ရွေးကောက်ပွဲမှာ ဘာဟူဂျန် ဆမ်မာ့ဂ်ျ (BSP) ပါတီကို မဲပေးချင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် BSP ပါတီရဲ့ ဆင်တံဆိပ်နေရာမှာ တံဆိပ်တုံးထုရမယ့်အစား ပြိုင်ဘက်ပါတီဖြစ်တဲ့ လက်ရှိအာဏာရပါတီ BJP ပါတီရဲ့ ကြာပွင့်တံဆိပ်နေရာမှာ မှားယွင်းမဲပေးမိခဲ့ပါတယ်။ “ကျနော်ဟာ မရည်ရွယ်ပါဘဲနဲ့ ဆင်တံဆိပ်အစား ကြာပွင့်တံဆိပ်နေရမှာ မဲပေးမိခဲ့ပါတယ်။ ဒီအမှားကြောင့် ကိုယ့်ကိုယ်ကိုယ် ယူကျူံးမရဖြစ်လွန်းလို့ ကျနော့်လက်ညှိုးကို ကျနော် ပြန်ဖြတ်ပစ်ခဲ့ပါတယ်” လို့ ဒေသတွင်းသတင်းမီဒီယာတခုကို ပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်တွေရဲ့ဘေးမှာ သူတို့ပါတီရဲ့အမှတ်တံဆိပ်တွေကို ထည့်သွင်းဖော်ပြထားလေ့ရှိပြီး စာမတတ်တဲ့ မဲဆန္ဒရှင်တွေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ India Today သတင်းမှာ ဖော်ပြချက်အရ ပါဝမ်ကူးမားမှာ သူ့ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် ဒီလိုရူးမိုက်တဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆေးရုံတင်ခဲ့ရပေမယ့် မကြာခင်က ဆေးရုံကပြန်ဆင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူပေါင်း သန်း ၉၀၀ လောက်ရှိပြီး ရွေးကောက်ပွဲဟာလည်း ကမ္ဘာပေါ်မှာအကြီးဆုံး ရွေးကောက်ကွဲအဖြစ် သတ်မှတ်ခံထားရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024