အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းခွင့်ပြု
ပိုင်စိုး
·
March 30, 2019
အင်းပါတီချင်း ပူးပေါင်းဖို့ ဆုံးဖြတ်ထားတဲ့ အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းခွင့် ပြုလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။
နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းခွင့်ပြုဖို့ တင်ပြလာတာကြောင့် မတ် ၁၉ ရက်မှာ လုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် စုံညီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး မတ် ၂၈ ရက်ကစလို့ ပါတီမှတ်ပုံတင်ကို ပယ်ဖျက်လိုက်တာပါ။
ဒီပါတီကို ၂၀၁၅ ခုနှစ်မှာ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ ဒီနောက်မှာတော့ ၂၀၁၀ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ အင်းအမျိုးသားတိုးတက်ရေးပါတီနဲ့ ပူးပေါင်းဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။
အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့တဲ့ ဦးတင်စိုးက “ကျနော်တို့ ထပ်ပြီး ဆွေးနွေးရဦးမယ်။ ဒါပေမယ့် အင်းအမျိုးသားတိုးတက်ရေးပါတီက ဒီတိုင်းဆက်ရှိနေပြီး နောက်ထပ် ပါတီတခု ထပ်ဖွဲ့ဖြစ်မယ့် သဘောရှိနေတယ်” လို့ ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ လက်ရှိမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီပေါင်း ၉၅ ခုရှိနေပြီး ပါတီ ၁၆ ခုကို ပယ်ဖျက်ပြီး ဖြစ်ပါတယ်။