ထိုင်းနိုင်ငံမှာ ဖျက်သိမ်းခံထားရတဲ့ Move Forward Party (MFP) ရဲ့ ပါတီ ဝင် ၄၄ ယောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန် ပါတယ်။
ထိုင်းဘုရင်ကို ဝေဖန်လို့မရအောင် လုပ်ထားတဲ့ ပုဒ်မကို ပြင်ဆင်ဖို့ ထောက်ခံခဲ့ကြတဲ့ ဒီပုဂ္ဂိုလ်တွေကို နိုင်ငံရေးကနေ ရာသက်ပန်ပိတ်ပင်ဖို့ တိုင်ကြားမှုရှိလာတဲ့အတွက် အခုလို စစ်ဆေးတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲနိုင် MFP ပါတီကို ဖျက်သိမ်းခဲ့ပြီး တလတောင် မကြာသေးခင်မှာ အခုလို နောက်တဆင့်တက်လာတာ ဖြစ်ပါတယ်။
တိုင်ကြားခံရတဲ့ ၄၄ ယောက်ထဲက ၂၅ ယောက်ဟာ လက်ရှိ အသစ်ထပ်ထောင်ထားတဲ့ People's Party ဝင် လွှတ်တာ်အမတ်တွေလည်း ဖြစ်ပါတယ်။
ထီးနန်းစော်ကားနှောင့်ယှက်မှုဆိုင်ရာ ဥပဒေလို့ အများသိကြတဲ့ ထိုင်းရာဇသတ်ကြီးပုဒ်မ ၁၁၂ နဲ့ စော်ကားမှု တခုချင်းစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချလို့ရပါတယ်။ တပေါင်းတည်း မဟုတ်ဘဲ တခုချင်းစီ ကျခံရတာဖြစ်တဲ့အတွက် ထောင်ဒဏ်အနှစ် ၅၀ အထိ ချမှတ်မှုလည်း ရှိခဲ့ပါတယ်။
ထိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ လာဘ်ပေးလာဘ်ယူကိစ္စသာ မဟုတ်ဘဲ တခြားကိစ္စတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ခွင့်ရှိပါတယ်။
အခုတိုင်ကြားမှုနဲ့ပတ်သက်ပြီး သက်သေစုဆောင်းဆဲ အဆင့်သာ ရှိသေးတဲ့အတွက် အဲဒီ ၄၄ ယောက်ကို ဆင့်ခေါ်တာတွေ၊ စွဲချက်တင်တာတွေ မရှိသေးဘူးလို့ ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။
လုပ်ထုံးလုပ်နည်းအရ၊ ကျင့်ဝတ်မညီညွတ်ကြောင်း အထောက်အထားခိုင်လုံရင် ကော်မရှင်က စွဲချက်တင်လို့ ရပါတယ်။ စွဲချက်တင်ခံရသူဘက်က ချေပပိုင်ခွင့်ရှိပြီး ကော်မရှင်ဘက်က မကျေနပ်ရင်တော့ တရားရုံးဆက်တင်မှာ ဖြစ်ပါတယ်။
စွဲချက်တင်ခံရသူတွေမှာ အပြစ်ရှိတယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ရင် နိုင်ငံရေးလုပ်ခွင့် ရာသက်ပန် အပိတ်ခံရမှာ ဖြစ်ပါတယ်။
Source-Reuters