မူဆယ်တွင် ယာဉ်တိုက်မှုကြောင့် ၄ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
January 12, 2019
ရှမ်းပြည်နယ် မူဆယ်မြို့နယ်မှာ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၄ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က မူဆယ်မြို့နယ်၊ နမ့်အွန်ကျေးရွာ နမ့်ပေါ် တံတားအနီး မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၂၆၅/၅-၆) မှာ ဦးခင်စိုး(၅၅)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် စိုင်းလွင်ကို (၁၇) နှစ်ပါ ကျား ၂ ဦး လိုက်ပါလာတဲ့ ၂၂ ဘီးယာဉ်ဟာ ကုန်းအဆင်း ဘရိတ်ပေါက်လို့ စိုင်းလွင်ကို ယာဉ်ပေါ်မှ ခုန်ဆင်းစဉ် ယာဉ်ရဲ့ယာနောက်ဘီးနဲ့ ကြိတ်မိ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
[gallery ids="308270"]
၂၂ ဘီးယာဉ်ဟာ တဖက်ယာဉ်ကြောမှ အောင်ထွန်းလင်း (၃၆)နှစ် မောင်းနှင်ပြီး ဖိုးစိန် (စိစစ်ဆဲ) လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ စက်ပျက်လို့ ရပ်ထားတဲ့ ယာဉ်မောင်း မိုးမိုး (၃၅) နှစ်နဲ့ ယာဉ်နောက်လိုက် အေးချမ်း (၂၃) နှစ်တို့ရဲ့ ၁၈ ဘီးယာဉ်တို့အား ဝင်တိုက်ပြီးနောက် တိမ်းမှောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း အောင်ထွန်းလင်းပါ ၂ ဦးနဲ့ မိုးမိုးတို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ခင်စိုးပါ ၃ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာတွေ အသီးသီး ရရှိခဲ့ါပတယ်။
သေဆုံး/ ဒဏ်ရာရသူတွေကို မူဆယ်ပြည်သူ့ဆေးရုံပို့ဆောင်ထားပြီး ခင်စိုးကို မူဆယ်မြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇/၂၇၉ (ပေါ့လျော့မှု ကြောင့် လူသေစေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။