Home
မြန်မာသတင်း
မုံရွာ KTV တွင် ရဲတပ်ဖွဲ့ဝင်တဦးထံမှ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
December 30, 2018
ktv
မုံရွာမြို့က KTV တခုမှာ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ဝင်တဦးထံက ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ နယ်မြေ ၅၊ ၃၉ လမ်းရှိ 81 KTV ဆိုင်မှာ မူးယစ်ဆေးဝါးကြိုတင်သတင်းအရ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက ရှာဖွေရာမှာ KTV ရောက်ရှိနေတဲ့ တိုင်းရဲတပ်ဖွဲ့ဝင် တဦးထံကနေ ကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုဖြစ်ပေါ်ခဲ့ပါတယ်။ မူးယစ်တပ်ဖွဲ့စု ၈ ရဲ့ မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ် ၂၁/ ၂၀၁၈ အရ မူးယစ်တပ်ဖွဲ့ရုံး တာဝန်ရှိသူတွေ၊ နယ်မြေခံရဲတပ်ဖွဲ့တွေ၊ ရပ်ကွက်တာဝန်ရှိသူတွေ ပူးပေါင်းကာ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခုလိုဖမ်းဆီးရာမှာ KTV ကို ရောက်ရှိနေတဲ့ ပြည့်စုံအောင် ဆိုသူရဲ့ ကျောပိုးအိတ်အတွင်းက စက္ကူပတ်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့် ၁၁ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၅ ခွက်၊ ကာလတန်ဖိုး ၅၅ သိန်းကျပ်ခန့်နှင့် WY စာတမ်းပါ ပန်းရောင် ရူးသွပ်စိတ်ကြွဆေးပြား ၁၉၅ ပြားစီပါ ၁၀ ထုပ်စီး ၃ စည်း၊ စုစုပေါင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၅၈၅၀ ပြား၊ ကာလတန်ဖိုး ငွေကျပ် ၂၉၂၅၀၀၀၀ ကျပ်၊ စုစုပေါင်း ၃၄၇ သိန်း ၅ သောင်းဖိုး ရှာဖွေတွေ့ရှိခဲ့တာပါ။ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ပြည့်စုံအောင်ကို ဆက်လက်စစ်ဆေးရာ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရေး ၃ ဌာနစိပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်သား တဦးဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း မုံရွာမြို့မှာပဲ တိုင်းရဲတပ်ဖွဲ့မှူး နေအိမ်မှာ လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် တဦးထံမှလည်း မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ အခုဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မုံရွာ နယ်မြေရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့် အရေးယူနိုင်အောင် လုပ်ဆောင်နေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013