Home
မြန်မာသတင်း
ပုသိမ်တွင် ငါးကန်ဖော်ရာမှ စစ်ကျန် အမြောက်ဆန်ဟောင်းကြီးတခု တွေ့ရှိ
DVB
·
December 28, 2018
bomb
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သရက်ကုန်းကျေးရွာနားက ပုသိမ်-ဝါးယားချောင်း ကားလမ်းဘေး ယုဇနကုမ္ပဏီငါးမွေးမြူရေးကန်မှာ ဒီကနေ့နေ့လယ်ပိုင်းက ငါးကန်ဖော်ရာကနေ ပေါက်ကွဲနိုင်တဲ့ စစ်ကျန်အမြောက်ဆန်ဟောင်းကြီးတခု တွေ့ရှိခဲ့ပါတယ်။ အမြောက်ဆန်ကို ယုဇနကုမ္ပဏီ ငါးမွေးကန်ဖော်တဲ့အဖွဲ့က ငါးကန်လုပ်သား ဦးဖိုးချိုဆိုသူက ငါးပိုက်အတွင်း တွေ့ရှိခဲ့တာဖြစ်ပြီး ငါးကန်ပိုင်ရှင် အကြောင်းကြားချက်အရ ဇင်ပြွန်းကုန်းကျေးရွာရဲကင်း ရဲတပ်ဖွဲ့ဝင်တွေ၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပုသိမ်မြို့ အမှတ် ၉၀၇ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အဖွဲ့လိုက်ပိုက်နဲ့ ငါးဆွဲပြီး ကန်ဖော်ကြတာ၊ အဲ့မှာ အမြောက်ဆန်ကို ပိုက်ကြိုးနဲ့သွားငြိတာပေါ့။ ကျနော်က ပထမသစ်သားပိုင်း အငုတ်မှတ်လို့ မကြည့်တော့ လေးနေတာနဲ့ ကန်တာဝန်ခံကို သွားပြတော့ ဗုံးလားမသိဘူးဆိုပြီး သက်ဆိုင်ရာကို အကြောင်းကြားလိုက်တာ” လို့ အမြောက်ဆန်ကို စတင်တွေ့ရှိသူ ဦးဖိုးချိုကပြောပါတယ်။ အမြောက်ဆန်ဟာ ၁၉၄၁ ခုနှစ်စာတန်းပါ ၇၅ မီလီမီတာ အမြောက်ဆန်ထိပ်ဖူးဖြစ်ပြီး အရှည် ၁၇ လက်မခွဲ၊ အချင်း ၃ လက်မ၊ လုံးပတ် ၁၁ လက်မခွဲရှိကာ စစ်ကျန်ပစ္စည်းဖြစ်ပြီး သံချေးတက်နေပေမယ့် စနက်တန် ပါဝင်နေတာကြောင့် အန္တရာယ်ရှိနိုင်တဲ့အတွက် ဖောက်ခွဲဖျက်ဆီးပစ်မယ်လို့ လာရောက်စစ်ဆေးခဲ့တဲ့ တပ်မတော်အရာရှိတွေက ပြောပါတယ်။ အမြောက်ကျည်ဆန်ကိုတော့ ဇင်ပြွန်းကုန်းကျေးရွာရဲကင်းမှူး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ငါးကန်တာဝန်ရှိသူတွေက အမှတ် ၉၀၇ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက ဗိုလ်မှူးအောင်မျိုး ဦးဆောင်တဲ့ တာဝန်ရှိသူတွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013