Home
မြန်မာသတင်း
ပုသိမ်​မြို့တွင်​ က​လေးစာ​ပေပွဲ​တော်ကို ကျပ်သိန်း ၁၀၀၀ ကျော်အကုန်ကျခံ ကျင်းပ
DVB
·
November 3, 2018
kalay
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​မြို့ ပုသိမ်တက္ကသိုလ်မှာ ကလေးစာပေပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၃ ရက်ကနေ  ၅ ရက်အထိ ၃ ရက်တိုင်ကျင်းပနေပါတယ်။ ကလေးစာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး ကုန်ကျစရိတ် ကျပ်သိန်း ၁၀၀၀ အကုန်ကျခံကျင်းပပေးတာလို့ ဧရာဝတီတိုင်း စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်ကပြောပါတယ်။ “ပုသိမ်မြို့မှာ ကလေးစာပေပွဲတော် ကျင်းပဖို့အတွက် ကျန်ခဲ့တဲ့ နှစ်တွေထဲက ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကျင်းပမယ်ဆိုပြီးတော့ လွန်ခဲ့တဲ့ သုံးလကတည်းက ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။ တိုင်းဒေသကြီးအဆင့်ကျင်းပတာတော့ ဒါပထမဆုံးပါ။ တခြားတခြားသောပြည်နယ်နဲ့တိုင်းတွေမှာ ကလေးစာပေပွဲတော် ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးကတော့ ရှစ်ခုမြောက်ပွဲအနေနဲ့ ကျင်းပပြုလုပ်တာပါ”လို့ ပြောပါတယ်။ ကလေးတွေ စာပေနှစ်သက်မွေ့လျော်ပြီး ရာသက်ပန်ပညာရှာမှီး သူတွေဖြစ်လာစေဖို့၊ ပွဲတော်မှာပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်တွေမှာ ဝိုင်းဝန်းပါဝင်တတ်တဲ့ အလေ့အထ ကောင်းတွေ ရရှိလာစေဖို့နဲ့ အရည်အသွေးမြင့်မားပြည့်ဝပြီး အနာဂတ်တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူတွေ ဖြစ်လာနိုင်စေဖို့ ရည်ရွယ်ကျင်းပတာလို့သိရပါတယ်။ စာပေပွဲတော်မှာ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲတွေ၊ နေ့စဉ် စာပေဟောပြောပွဲတွေ၊ ဂိမ်းကစားပွဲတွေ၊ ဘောလုံးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲတွေ အပြင် ဖျော်ဖြေရေး အစီအစဉ်အ​နေနဲ့ ဆင်​အက၊ မျက်​လှည့်၊ ခြင်းလုံးအလှပြခတ်​ပွဲတွေလည်း ထည့်သွင်းကျင်းပနေပါတယ်။ ကလေးစာပေပွဲတော်မှာ နည်းပညာပြခန်းတွေ၊ ဧရာဝတီတိုင်းထဲရှိ တက္ကသိုလ်တွေ ကျောင်းတွေက ပြသထားတဲ့ပြခန်းတွေနဲ့ ဌာနဆိုင်ရာတွေအလိုက်ပြသထားတဲ့ ပြခန်းတွေလည်း ပါဝင်ပြသထားပါတယ်။ ဝါးခယ်မမြို့နယ် ကွင်းချောင်းဖျားရွာအလယ်တန်းကျောင်းအုပ် ဒေါ်ဝင်းရီက “ကလေးစာပေပွဲတော်မှာ ပြခန်းတွေကိုလေ့လာရတော့ ကလေးတွေ ဗဟုသုတလည်းရတယ်။ ဒီမှာစကားပုံဆက်တာတွေ၊ အရုပ်လုပ်တဲ့နေရာတွေကို ကြည့်ခြင်းအားဖြင့် အတွေ့အကြုံတွေရတယ်။ သူတို့မှာ တီထွင်စိတ်ဓါတ်တွေ အများကြီးဖြစ်လာမယ်။ ငါတို့လည်း ဒါမျိုးလုပ်ရင်ရပါလားဆိုတဲ့ စိတ်ဓာတ်တွေ ဖြစ်လာမယ်”လို့ ပြောပါတယ်။ ကလေးစာပေပွဲတော်ဖွင့်ပွဲကို အောက်တိုဘာ ၃ ရက် မနက်ပိုင်းကကျင်းပခဲ့ပြီး ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊  ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ကြီးတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးထဲက အခြေခံပညာကျောင်းသားပေါင်း ငါးသောင်းကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013