အဲကမ္ဘောဇလေယာဉ် ငှက်များနှင့်တိုက်မိ
ပိုင်စိုး
·
December 26, 2018
နေပြည်တော်ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ အဲကမ္ဘောဇ ခရီးသည်တင် လေယာဉ်ဟာ ငှက်တွေနဲ့တိုက်မိလို့ ဒီနေ့ ခရီးစဉ်တွေ ပြောင်းလဲပြေးဆွဲလိုက်ရပါတယ်။
ဒီနေ့မနက် ၆ နာရီခွဲအချိန် ရန်ကုန်လေဆိပ်က နေပြည်တော်ကို ထွက်ခွာသွားတဲ့ K7 234 လေယာဉ်ဟာ နေပြည်တော်ကနေ ပြန်ထွက်အလာမှာ တိုက်မိခဲ့တာဖြစ်ပြီး ရန်ကုန်လေဆိပ်ကိုတော့ ချောချောမောမော ဆင်းသက်နိုင်ခဲ့တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
ငှက်နည်းနည်းနဲ့ပဲ တိုက်မိတာဖြစ်လို့ ဘာပြဿနာမှ မရှိပေမယ့် အင်ဂျင်နီယာတွေနဲ့ စစ်ဆေးပြီးနောက် ဒီလေယာဉ်ရဲ့ နောက်ထပ်ခရီးစဉ်တွေကို ခဏရပ်ဆိုင်းပြီး ပြောင်းလဲ ပြေးဆွဲရတာလို့လည်း ပြောပါတယ်။
အခုလို လေယာဉ်ခရီးစဉ် ကြန့်ကြာတာနဲ့ အချိန်ပြောင်းလဲတာတွေ ဖြစ်ခဲ့လို့ အဆင်မပြေတာတွေကို တောင်းပန်တယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။