မွန်ပြည်နယ် နယ်လုံဝန်ကြီး ပြောင်းလဲခန့်အပ်
DVB
·
November 17, 2018
မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကို ပြောင်းလဲခန့်ထားလိုက်တယ်လို့ သမ္မတက ထုတ်ပြန်ပါတယ်။
ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးကို မူလစစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်စေပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က ဗိုလ်မှူးကြီး နေထွဋ်ဦးကို မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က လွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပြောင်းလဲ အစားထိုးလိုက်တဲ့အခါ လက်ရှိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးလည်း ပြောင်းလဲရာမှာ ပါသွားခဲ့တာပါ။
ဒါ့အပြင် ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးကြီး သူရမျိုးတင်ကိုလည်း ပြောင်းလဲအစားထိုးထားပါတယ်။