ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြောင်းလဲတာဝန်ပေး
DVB
·
July 19, 2019
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်တဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ကို ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ တပ်မတော်သား လွှတ်တော်ကို ယ်စားလှယ်အဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားတဲ့ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦးကို အမည်စာရင်းပြောင်းလဲလိုတဲ့အကြောင်း ဥပဒေနဲ့ အညီအကြောင်းကြားချက်အရ ဗိုလ်မှူးကြီး ဖုန်းတင့်ကို အစားထိုးပြောင်းလဲလိုက်တာလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၁၈ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုပေးဖို့ ကာယကံရှင် ဗိုလ်မှူးကြီး ဖုန်းတင့်ကို ဆက်သွယ်ရာ မှာတော့ သူအစည်းအဝေးအခန်းထဲကို ရောက်နေတာကြောင့် သူ့ရဲ့ကိုယ်ရေးအရာရှိက ဖြေကြားပါတယ်။
ဗိုလ်မှူးကြီး ဖုန်းတင့်ရဲ့ ကိုယ်ရေးအရာရှိက “အပြောင်းအလဲဖြစ်တယ်လို့တော့ ကြားပါတယ် ခင်ဗျ။ အဲလိုတော့ ကြားပါတယ်။ ကျနော်တို့ကလည်း အဘက ကျနော်တို့ကိုလည်း မပြောသေး တော့ မသိသေးဘူး။ အဘကိုပြောပေးပါ့မယ်။ သူက အစည်းဝေးခန်းထဲမှာ”လို့ ပြောပါတယ်။
သူ့နေရာမှာ ဘယ်သူက ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး တာဝန်ယူ ဆောင်ရွက်မယ်ဆိုတာကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်တွေကို ဆက်သွယ်နေပေမဲ့ လက်ရှိအချိန်ထိဆက်သွယ်လို့ မရသေးပါဘူး။
ဗိုလ်မှူးကြီးဖုန်းတင့်ဟာ ယခင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်းလင်းရဲ့ နေရာမှာ ၂၀၁၇ ဇူလိုင် ၁၇ ရက်က စတင် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိဆိုရင်တော့ အချိန် ၂ နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။