Home
မြန်မာသတင်း
မုံရွာတွင် ရှေးဦးသူနာပြုစုနည်းနှင့် အသက်ကယ်သင်တန်း လက်တွေ့သရုပ်ပြ
DVB
·
September 8, 2018
my
မုံရွာမြို့မှာ ရန်ကုန်နာကူအသင်းက ဦးဆောင်ပြုလုပ်ပေးတဲ့ ၅ ရက်ကြာ ရှေးဦးသူနာပြုစုနည်းနဲ့ အသက်ကယ်သင်တန်း လက်တွေ့သရုပ်ပြပွဲကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ မုံရွာမြို့မှာ စက်တင်ဘာ ၄ ရက်ကနေ ၈ ရက်ထိ ရန်ကုန်နာရေးကူညီမှုအသင်း၊ ကျော်သူ ပရဟိတနဲ့ တက်တူးချစ်သူတွေ ပူးပေါင်းကာ ၅ ရက်ကြာပြုလုပ်ခဲ့တဲ့ ရှေးဦးသူနာပြုစုခြင်းနှင့် အသက်ကယ်သင်တန်း ပြီးဆုံးသွားပြီဖြစ်ပြီး နောက်ဆုံးအနေနဲ့ အသက်ကယ်သင်တန်း လက်တွေ့သရုပ်ပြပွဲတခုကို လူအသွားအလာများတဲ့ လမ်းမကြီးပေါ်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ၅ ရက်ကြာသင်တန်းမှာ သင်ကြားခဲ့တဲ့ လူနာဆန်းစစ်တာ၊ နှလုံး/အဆုတ်နှိုးဆွ အသက်ရှုအောင်လုပ်တာ၊ ကြပ်စည်း/ပတ်တီးစည်းတာနဲ့ အသက်ကယ်ပစ္စည်းအသုံးပြုတာ စတာတွေကို သင်ကြားပို့ချပေးခဲ့ပြီး နောက်ဆုံးနေ့မှာတော့ လက်တွေ့သရုပ်ပြတာတွေ ပြုလုပ်ခဲ့တာပါ။ “တကယ်ကို အကျိုးရှိပါတယ်။ သင်ကြားပြသပေးတဲ့ နည်းတွေ၊ သင်ကြားပေးတဲ့ ဆရာတွေကလည်း တကယ်တော်ကြပါတယ်။ အရင်ကဆိုရင် ဥပမာ နံရိုးကျိုးတဲ့ လူနာကို ကိုယ်က စေတနာနဲ့ သယ်မယ်ဆိုရင်တောင် ဒီလိုနည်းလမ်းတွေ မသိတဲ့အတွက် ကိုယ့်ရဲ့စေတနာက သူတပါးအတွက် ဝေဒနာတွေဖြစ်တာမျိုးတွေ ရှိခဲ့တယ်။ နောက်ဆုံး ကိုယ်ရဲ့ စေတနာက ဝေဒနာဖြစ်ပြီး လူနာက အသက်တောင် သေဆုံးသွားနိုင်တယ်၊ ဒါမျိုးတွေပေါ့။ အခုလိုသင်တန်းတက်လိုက်တော့ လူနာ ဘယ်လိုအနေအထားရှိလဲ၊ ဘာဖြစ်တာလဲ အရင်ကြည့်၊ လူနာဆန်းစစ်ပြီး ဘာတွေအဓိက လုပ်ရမယ်ဆိုတာ သိလာတယ်။ ကိုယ့်မှာ ဆေးဝါးကယ်ဆယ်ရေး ပစ္စည်းမစုံလင်ရင်တောင် လူနာသက်သာအောင် ဘယ်လို လုပ်လို့ရတယ်ဆိုတာတွေ ပိုပြီးသိလာတာပေါ့။ ပြောရရင် အရမ်းအကျိုးရှိပါတယ်” လို့ သင်တန်းတက်ရောက်ခဲ့သူ တဦးက ပြောပါတယ်။ မုံရွာမြို့မှာ အရင်ကလည်း ဒါမျိုးသင်တန်းတွေ ရှိခဲ့ဖူးပေမယ့် ဒီလောက် အချိန်မပေးနိုင်တာကြောင့် ယေဘူယျလောက်သာ သိခဲ့ရတယ်လို့လည်း အရင်သင်တန်းရော အခုသင်တန်းပါ တက်ရောက်ခဲ့သူတဦးကလည်း ပြောပါတယ်။ မုံရွာမြို့နယ်မှာ သွေးလှုရှင်အသင်း၊ လူမှုကူညီရေးအသင်း၊ ပရဟိတအသင်းတွေ ၇၀ ကျော်ရှိပါတယ်။ ဒီသင်တန်းမှာ အစက လူဦးရေ ၅၀ ဦးသာ သတ်မှတ်ခဲ့ပေမယ့် နောက်ထပ် ၂၀ ဦးကို ထပ်တိုးလက်ခံကာ သင်ကြားပေးခဲ့တာပါ။ ဒီသင်တန်းကနေ သင်တန်းအချိန်ပြည့်တက်ခဲ့သူတွေကို ရန်ကုန်နာကူအသင်း အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်တွေကိုလည်း ထုတ်ပေးသွားမှာဖြစ်ကာ ဆင့်ပွားသင်တန်းတွေလည်း လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ လစဉ် ဒီလို သင်တန်းတွေ ဖွင့်နိုင်အောင်လည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013