Home
မြန်မာသတင်း
စစ်တောင်းမြစ်ရေပြန်ကျပေမယ့် ကမ်းပါးပြိုမှုကြောင့် ကမ်းဘေးနေအိမ်များ စိုးရိမ်နေ
DVB
·
August 13, 2018
st
စစ်တောင်းမြစ်ရေကျသွားပြီဖြစ်ပေမယ့် ပဲခူးတိုင်းအတွင်း မြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေမှာ  ကမ်းပါးပြိုကျမှု အခြေအနေက စိုးရိမ်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဖြူးမြို့နယ် မြပဲခူးအုပ်စု၊ ကျောက်ကြီးမြို့နယ် ငထွေစုတ်အုပ်စု နတ်သံကွင်းအုပ်စု၊ ကျောက်တံခါးမြို့နယ် အနန်းဘော်အုပ်စု၊ လက်ခံအုပ်စု၊ နံဇအုပ်စု၊ ဝေါမြို့နယ် သူရဲသူမိန် အညာစု၊ ဒလနွမ်းအုပ်စု၊ ကဝမြို့နယ် ကန်တော် မမောက် တံတာဦး အုပ်စု ကျေးရွာတွေမှာ ကမ်းပါးပြိုကျမှု အန္တရယ်နဲ့ ကြုံတွေ့နေရတာပါ။ အနန်းဘော်ကျေးရွာ ဦးမြင့်စိုးက “အခု ရေပြန်ကျသွားပြီး ကမ်းပါးတွေပေါ်လာပေမယ့် စစ်တောင်းမြစ်ထဲကို ၁၅ ပေကျော် ကမ်းပါးပြိုကျသွားခဲ့တာကြောင့် လူနေအိမ်နဲ့ ကျောင်းသွား ကျောင်းပြန်ကလေးများအတွက် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်” လို့ ပြောပါတယ်။ အနန်းဘော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတိုးစန်း က “ ကျောက်ကြီးမြို့နဲ့ ပဲနွယ်ကုန်း ဓာတ်ခွဲရုံတို့ သွယ်တန်းထားသော 33 ကေဗွီလိုင်းဓာတ်အားလိုင်း မြစ်ကျော်တာဝါတိုင်နဲ့ ကြိုးတွေကလည်း ကမ်းပါးပြိုလာတဲ့အတွက် စိုက်ထူထားတဲ့ ကွန်ကရစ်တိုင်တွေနဲ့ ပေအနည်းငယ်သာ ကွာပါတော့တယ်။ ကမ်းပါးက ဒီလို တဖြေးဖြေးပြိုလာလို့ကတော့ လျှပ်စစ်အန္တရာယ် အရေးပေါ်အခြေအနေတွေနဲ့ လူတွေ ထိခိုက်သေဆုံးနိုင်တယ်”လို့ ပြောပါတယ်။ စစ်တောင်းကမ်းပါးပြိုကျလာမှုနဲ့ ပက်သက်ပြီးတိုင်းဒေသကြီး အစိုးရကိုလည်း အားမရသလို ဒေသသက်ဆိုင်ရာ ဝန်ထမ်းတွေအလုပ်မလုပ်ကြဘူးလို့ ကဝမြို့နယ်ဒေသခံ ကိုသိန်းဇော်က ဝေဖန်ထောက်ပြပါတယ်။ ဝေါမြို့နယ် တိုင်းဒေသကြီးအမတ် ဒေါ်ရီရီထိုက်ကတော့ စစ်တောင်းမြစ်ဘေးမှာ ကမ်းထိန်းနံရံတွေ ခိုင်မာအောင် တည်ဆောက်ပေးရမှာဖြစ်သလို ဆိုင်ကလုန်းမုန်တိုင်းဘေး ခိုလှုံရာနေရာတွေကို အစိုးရက ရေရှည်စီမံကိန်းအနေနဲ့ စီမံဆောင်ရွက်ပေးရမယ်လို့ ပြောပါတယ်။ အခုနှစ်အတွင်း မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်တောင်း မြစ်ရေ ရေကြီးပြီး ကမ်းဘေးတလျှောက်ရှိ ကျေးရွာတွေမှာ လူနေအိမ်တွေရော စိုက်ခင်းတွေပါ  ရေနစ်မြုပ် ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ပဲခူးတိုင်းဒေသကြီးထဲမှာ ဇူလိုင်နဲ့ သြဂုတ်အတွင်းဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် အိမ်ထောင်စုပေါင်း နှစ်သောင်းကျော်၊ လူဦးရေ ကိုးသောင်းခွဲကျော် ပြောင်းရွှေ့ခဲ့ရပြီး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ လူကယ်ပြန်ဌာနက တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။ ဗိုလ်သူရိန်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013