မန္တလေးကန်တော်ကြီးတွင် မိုးရွာပြီးနောက် ငါးတချို့သေဆုံး
DVB
·
May 30, 2018
မန္တလေးမြို့၊ ကန်တော်ကြီးမှာ မေ ၂၉ ရက်က မိုးရွာပြီးနောက်ပိုင်း ညနေမှာ ငါးတချို့ သေဆုံးကုန်လို့ ဆယ်ယူပြီး ရောင်းချသူတွေရှိနေပါတယ်။
ကန်တော်ကြီးအတွင်း ငါးတွေ သေဆုံးရတာဟာ အောက်ခံရေ အပုပ်အခံရှိပြီး မိုး အဆက်မပြတ်ရွာသွန်းပါက နွံတွေ ကြွတက်လာကာ အောက်ဆီဂျင် ပြတ်လပ်ပြီး ငါးတွေ သေဆုံးရတာဖြစ်လို့ သေဆုံးတဲ့ငါးတွေကို ကောက်ယူ မစားသုံးကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးက ငါးကန်ဝန်းကျင်က ပြည်သူတွေကို လိုက်လံအသိပေးနေတယ်လို့ စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။
ရေထဲမှာ နိုက်ထရိုဂျင်နဲ့ ဖော့စဖောရပ်စ် ဓာတ်များရင် ငါးတွေ အသက်ရှူနိုင်တဲ့ အောက်ဆီဂျင်နည်းတာကြောင့် သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ရေနှင့်သဘာဝပတ်ဝန်းကျင်ကို လေ့လာနေတဲ့ ပညာရှင်တွေက ပြောပါတယ်။
ကန်တော်ကြီး မြောက်ဘက်ပိုင်းမှာ ဗေဒါပင်နဲ့ နုန်းအနည်အနှစ် အများအပြားကို တွေ့ရပြီး ကန်သန့်ရှင်းအောင် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။