Home
ဆောင်းပါး
နှစ်သစ်ကူး အခါသမယနှင့် နယူးကယ်လီတိုးနီးယား
DVB
·
April 13, 2018
unnamed
သင်္ဘောသားလို့ ဆိုတာနဲ့ ကမ္ဘာပတ်နေသူကြီးလို့ အမြဲမထင်စေချင်ပါဘူး။ ကုမ္ပဏီက တာဝန်ပေးတဲ့ သင်္ဘောကို အလှည့်ကျ သွားပေးရပါတယ်။ တခါတလေ အဲဒီသင်္ဘောတွေက နှစ်နိုင်ငံ သုံးနိုင်ငံပဲ အမြဲပုံမှန် သွားလာနေကြတဲ့ (REGULA RUN) ဖြစ်နေတတ်ပါတယ်။ ဥပမာ တောင်ကိုရီးယား KLC ကုမ္ပဏီပိုင် သင်္ဘောအများစုဆို တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီယား၊ ဘရာဇီး၊ တောင်ကိုရီးယား၊ သြစတြေးလျ စတဲ့ နှစ်ရှည် ငှားရမ်းထားတဲ့ ကုန်တွေအတွက် သင်္ဘောတွေက ဒီနိုင်ငံတွေပဲ သွားလိုက် ပြန်လိုက် မောင်းနှင် ပို့ဆောင်နေကြပါတယ်။ ကျနော် ဒီတခေါက်တက်တဲ့ သင်္ဘောက တောင်ကိုရီးယားကနေ နယူးကယ်လီတိုးနီးယား နှစ်နိုင်ငံတည်းကိုပဲ ပြေးဆွဲပါတယ်။ တောင်ကိုရီးယားကနေ ကုန်မပါဘဲ ရေမိုင် ၁ နာရီ ၁၂ မိုင်နှုန်းနဲ့ ၂ ပတ်အကြာ မောင်းသွားရပြီး နယူးကယ်လီတိုးနီးယားနိုင်ငံလေးကို ရောက်ပါတယ်။ ဒီနိုင်ငံက နီကယ်မြေကြီးတွေကို ရေအလယ်မှာ ကျောက်ချတင်ပြီး ကိုရီးယားကို ပြန်မောင်းပို့။ အသွားအပြန် လေး ငါး ခေါက်ဆို ကျနော်တို့ စာချုပ်ပြည့် ကိုယ့်ပြည်ကို ပြန်ကြပေါ့လေ။ နယူးကယ်လီတိုးနီးယား ဆိုတဲ့ နိုင်ငံလေးအကြောင်း ပြောရရင် ဒီနိုင်ငံလေးက ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ဘက်မှာရှိပြီး သြစတြေးလျနိုင်ငံရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ စတုရန်းဧရိယာ ၇၁၇၂ မိုင်သာရှိတဲ့ ကျွန်းနိုင်ငံလေးတခုသာ ဖြစ်ပါတယ်။ မူရင်း လူမည်း နယူးကယ်လီတိုးနီးယား နိုင်ငံသားတွေ များပြီး ပြင်သစ်၊ တရုတ်လူမျိုးတွေနဲ့ စုစုပေါင်းလူဦးရေ ၂၇၀၀၀၀ နီးပါး နေထိုင်ပါတယ်။ ယနေ့အထိ ပြင်သစ်ကိုလိုနီ လက်အောက်ခံ နိုင်ငံတခု ဖြစ်ပါတယ်။ နိုင်ငံရဲ့ အဓိကကုန်ထုတ်လုပ်မှုက နီကယ် ဖြစ်ပါတယ်။ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်နိုင်ငံက ကုမ္ပဏီများနဲ့ နယူးကယ်လီတိုးနီးယား အစိုးရကတို့ ပူးပေါင်းပြီး အကျိုးတူ ထုတ်လုပ်နေကြတာပါ။ တောင်ကုန်း တောင်တန်းတွေကနေ နီကယ်တွေကို တူးယူ ရောင်းချတာ နှစ်တရာလောက် ရှိသွားပါပြီ။ ဆက်လက်၍လည်း နောင် နှစ်တရာလောက် ထပ်ထုတ်လို့ ရသေးတယလို့ နယူးကယ်လီတိုးနီးယား လူမည်းတဦးဖြစ်တဲ့ သင်္ဘော ကုန်တင်ကုန်ချ တာဝန်ခံ (shipper) က ဆိုပါတယ်။ အဓိက ကုန်တင်တဲ့ နေရာတွေကတော့ တောင်ပိုင်းနဲ့ မြောက်ပိုင်းက သီအိုဒိုင်း (teoedie)၊ နကသီ (nakety)၊ ကိုရိုကာ (kououa) ၊ နိုမီယာ (noumea) စတဲ့ ဆိပ်ကမ်းတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အလုပ်သမား အတော်များများက ဆေးလိပ်သောက်ကြသလို ဆေးခြောက်နဲ့ အတူတွဲပြီး ကိုယ်တိုင် ဆေးသား လိပ်သောက်ကြပါတယ်။ ဆေးခြောက်က ပေါလား၊ မပေါလား။ ကိုင်းအလိုက် ချိုးယူလာကြတယ်။ သုံးစွဲသူ များတယ် ထင်ပါရဲ့။ ဆေးခြောက် အရွက်တွေက အခြောက်တောင် မဖြစ်သေးပါဘူး။ လတ်လတ်ဆတ်ဆတ် စိမ်းစိုနေပါတယ်။ ၂၀၁၇ ဒီဇင်ဘာလ နောက်ဆုံးအပတ်ကို ကျနော်တို့ ဒီတခေါက် နယူးကယ်လီတိုးနီးယားနိုင်ငံကို သီအိုဒိုင်း (teoedie) ဆိပ်ကမ်းကို ပြန်ရောက်တော့ ခရစ္စမတ်ရယ်၊ နှစ်သစ်ကူးကာလရယ် တိုးနေပါတယ်။ ဒီရက်တွေမှာ ဆိပ်ကမ်းပေါ်နဲ့ သင်္ဘောပေါ် လာရောက်လုပ်ကိုင်တဲ့ အလုပ်သမားအားလုံး အလုပ်မလုပ်ကြပါဘူး။ ညဘက် ဆိပ်ကမ်းမှာ မီးရောင်စုံတွေ ဖောက်လုပ်ပျော်မြူးနေချိန် ကျနော်တို့ကတော့ သင်္ဘောပေါ်ကနေ မီးပန်းတွေ လှမ်းကြည့်ပြီး အပျော်မိတ္တူပွားနေရပါတယ်။ အလုပ်ပိတ်ရက်ရှည်မှာ ဆိုတော့ သင်္ဘောက ကိုတာ ရောင်းပေးတဲ့ ဘီဟာကလည်း ပြတ်လပ်ကုန်တော့ နှစ်သစ်ကူးအပြီး ပြန်လာမယ့် အလုပ်သမားတွေနဲ့ အရက်မှာတော့ ကျနော်တို့ကို အံ့သြစရာ စကားတခွန်း ပြန်ပြောပါတယ်။ ဒီရက်တောအတွင်း ၂၀၁၈ နှစ်ဆန်း ၁ ရက်နေ့အထိ ဘယ်စူပါမားကတ်၊ ဘားဆိုင်မှ အရက်၊ ဘီယာ မရောင်းဖို့ အစိုးရက တားမြစ်ထားတယ်လို့ ပြောပါတယ်။ တနိုင်ငံလုံးလား ဆိုတော့ မဟုတ်ပါဘူး။ သူတို့ဒေသအတွင်းပါတဲ့။ ကဲ… ကျနော်တို့ အတုယူစရာ မကောင်းပေဘူးလား။ မကြာခင် ကျနော်တို့နိုင်ငံမှာ နှစ်သစ်ကူးအခါသမယ သင်္ကြန်ပွဲတော်ကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ တဦးနဲ့တဦး သပြေပန်းခက် ငွေဖလားနဲ့ ရေပက်ရာကနေ အခုခေတ်တွေပြောင်းတော့ ရေပိုက်တွေ ဖြစ်လာပါပြီ။ ဖျော်ဖြေရေးယာဉ်တွေကနေ အထိုင်မဏ္ဍပ်တွေနဲ့ ဆိုကြ မြူးကြပေါ့။ မနှစ်က မန္တလေး လမ်းလျှောက်သင်္ကြန်ကို ရောက်တော့ ကျုံးပတ်ပတ်လည် တကယ့် လူတွေပဲဗျာ။ လမ်းလျှောက်ရတာတောင် တဖြည်းဖြည်း တန်းစီသွားနေရတယ်။ ခေတ်နောက်ပြန်ဆွဲတာတော့ မဟုတ်ပါဘူး။ ကျနော်က သင်္ကြန်မိုး ဇာတ်ကားလောက်ကို နောက်သင်္ကြန်ရုပ်ရှင်ကားကြီးတွေက ကောင်းတယ်လို့ကို မထင်ဘူး။ မန်းသင်္ကြန် အငွေ့အသက်က စိတ်မှာ စွဲနေတော့ ဦးပိန်တံတားကို နေ့လယ်ဘက် ရောက်အောင် သွားခဲ့တယ်။ ညဘက်ကျတော့ မန်းသင်္ကြန်နဲ့ ဘယ်လိုမှ ခွဲမရတဲ့ မြို့မတူရိယာ တေးဂီတ ကားကြီးနောက်ကို ရောက်တဲ့ လမ်းနေရာ စုံစမ်း၊ ညသန်းခေါင်ကျော်အထိ နားထောင် လိုက်ကြည့်မိတယ်။ အမှတ်တရပါပဲ။ အဆိုတော် အမေ ဒေါ်မာမာအေးက ဧည့်သည်အဖြစ် လာရောက် ဖျော်ဖြေတာနဲ့ကြုံတော့ ပွဲကလှ။ မြို့မကားကြီးနောက် လိုက်နားထောင်ကြည့်မိလိုက်တာ ကိုယ်တည်းတဲ့နေရာနဲ့ အတော်လှမ်းသွားလို့ ဆိုင်ကယ်ကယ်ရီ ဈေးကြီးကြီး ပေးငှားပြန်ခဲ့ရတာ အမှတ်တရ ဖြစ်စေပါတယ်။ ဒီလို ရိုးရာယဉ်ကျေးမှုတွေရဲ့ နောက်သရုပ်ပျက် ပျော်ရွှင်မှုတွေကလည်း စိန်ခေါ် ဝင်ရောက်လာပါတယ်။  တဖြည်းဖြည်း မြန်မာသင်္ကြန်ပွဲတော်ကြီးက အရက်၊ ဘီယာ ပွဲတော်ကြီး ဖြစ်လာပါတယ်။ မူးယစ်သောက်စားပြီးလို့ နောက်ဆက်တွဲ ပြဿနာတွေက အကြီးမားဆုံး လူမှုရေးပြဿနာတွေနဲ့ မဖြစ်သင့်သော ဒုစရိုက်မှုတွေ ဖြစ်လာပါတယ်။ မြန်မာပြည်မှာ အမျိုးသား ၄၁ ရာခိုင်နှုန်း အရက်သောက်လာကြသလို အခုခေတ် ကိုရီးယားကားတွေ ခေတ်စားလာပြီးမှာ အမျိုးသမီးတွေပါ သောက်လာကြပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အရက်ချက်စက်ရုံ ၇၂ ရုံ ရှိပြီး ရန်ကုန်မှာတင် ၁၁ ရုံ ရှိပါတယ်။ ဒီအရက်ချက်စက်ရုံတွေက တနေ့ကို အရက်ဆီ ဂါလန်ပေါင်း ၆ သောင်းကျော် ထုတ်လုပ်နေပါတယ်။ အရက်ဆီ ၁ ဆကို ပုံမှန်အတိုင်း ရေရောလိုက်ရင် အရက် ၄ ဆ ရနိုင်တဲ့အတွက် တနေ့ကို အရက်ဂါလံ ၂၄၀၀၀၀ ကျော် ထုတ်လုပ်လျက်ရှိပါတယ်။ ဒါတောင် လိုင်စင်မရှိ အရက်ပုန်းချက် ထုတ်လုပ်နေတဲ့ နေရာတွေ မပါသေးပါဘူး။ ပြည်ထဲရေးက ထုတ်ပေးတဲ့ ယစ်မျိုးလိုင်စင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ၄၀၀၀၀ ကျော် ရှိပါတယ်။ ယခုလက်ရှိအထိ စာသင်ကျောင်းနဲ့ ကိုက်တရာအတွင်းမှာ အရက်ဆိုင်တွေ ရှိနေတတ်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ကျနော်နဲ့ နီးစပ်ရာ နယ်ဆေးရုံတွေကို လူနာမေးသွားတဲ့အခါမှာ အရက်ကြောင့် ဆေးရုံတက်၊ အမျိုးသားလူနာ ပြတ်တယ်လို့ကို မရှိဘူး။ နေ့စဉ် မွေးလူနာရှိသလို အရက်လူနာကလည်း အပြိုင် ဆေးရုံတက်နေကြပါတယ်။ ကျနော်တို့နိုင်ငံမှာ သာမန်အရက်ဖြူတလုံးက ရေသန့်ဘူးထက် ဈေးချိုနေတာကို တွေ့မြင်ရနိုင်ပါတယ်။ စကော့ဝီစကီလို့ ပြောနေကြတဲ့ စကော့တလန်နိုင်ငံထုတ် အရက်တွေက ကမ္ဘာမှာ အင်မတန် နာမည်ကြီးလှပါတယ်။ ၂၀၁၃ လောက်က အဲဒီနိုင်ငံကို ကျနော်တို့သင်္ဘော ကုန်သွားချတော့ ပျော်လိုက်တာပေါ့ဗျာ။ ဂျော်နီဝါးကား အစစ်တွေ သောက်ရတော့မယ်ပေါ့။ ဒါနဲ့ ညနေ အပြင်လျှောက်လည်တော့ စူပါမားကတ်တွေ ရောက်တာနဲ့ ပြေးသွားမိတာက ဝီစကီပုလင်းတွေ ထားတဲ့အတန်းကို။ ဒီနိုင်ငံ ရောက်မှတော့ blue label လောက်တော့ နောက်ဆုံးထား သောက်မယ် စဉ်းစားထားတယ်။ အရက်အမျိုးအစားကလည်း အတော်စုံပါပေတယ်။ ဘယ်အရက် အကောင်းဆုံးမှန်းကို မသိတော့ဘူး။ အဲ... ဒါပေမယ့် ဘယ်ဝီစကီပုလင်း ဝယ်ရမလဲ၊ ကျနော် ၁၀ မိနစ်အတွင်းမှာပဲ ဆုံးဖြတ်ချက်တွေ အမြန်ဆုံး ပြင်ဆင်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အရက်ပုလင်းမှာ ကပ်ထားတဲ့ ဈေးနှုန်းတွေကြောင့်ပါ။ Red Label ဂျော်နီလမ်းလျှောက် ဝမ်းလီတာ တလုံးရဲ့ဈေးက ယူရို ၇၀ ကျော် မြန်မာငွေ တသိန်းကျော်နေလို့ပါပဲ။ ဒီအရက်ပုလင်း အမျိုးအစားက မြန်မာပြည်နဲ့ ပြည်ပ နိုင်ငံအတော်များများမှာ ဒေါ်လာ ၂၀ ထက်မပိုပါဘူး။ တကမ္ဘာလုံး ဈေးချိုချိုနဲ့ အရက်လှည့်ပတ် ပို့ရောင်းနေတဲ့ စကော့တလန်နိုင်ငံက သူ့နိုင်ငံအတွင်းမှာကျတော့ အကောက်ခွန်တွေ မြင့်တက်စွာ ကောက်ထားပြီး သူ့နိုင်ငံသားတွေကို ကာကွယ်ထားပါတယ်။ ကဲ… ဘယ့်နှယ်ရှိစ။ အတုယူစရာ မကောင်းပေဘူးလား။ ဥရောပမှာက အရက် ဆေးလိပ် သိပ်ဈေးကြီးပါတယ်။ ကျနော်တို့ သင်္ဘောသားတွေကတော့ duty free အကောက်ခွန်လွတ်ဈေးနှုန်းနဲ့ ဆေးလိပ်တွေ ဝယ်လို့ရပါတယ်။ ဒါကိုသိနေတဲ့ ဥရောပက ဆိပ်ကမ်းအလုပ်သမားများက သင်္ဘောသား တွေ့တာနဲ့ စီးကရက် လက်ဆောင် အမြဲတောင်းကြပါတယ်။ ကျနော်တို့ သင်္ဘောကလည်း ရောက်တဲ့နိုင်ငံတိုင်း ဘီယာ၊ စီးကရက် declare အကောက်ခွန် ကြေညာချက် အမြဲပြရပါတယ်။ ဒီအကောက်ခွန်ဦးစီးဌာနကို ပြသထားတဲ့ အရေအတွက်ထက် ကျော်လွန်ရင်တော့ အင်မတန်ပြင်းထန်တဲ့ ဒဏ်ကြေးတွေ ဆောင်ရပါတယ်။ နော်ဝေနိုင်ငံကို ရောက်ရှိခဲ့တုန်းက ကိုရီယား ကပ္ပတိန်နဲ့ မြန်မာ တတိယအရာရှိထံတို့မှာ ဆေးလိပ် ၁၀ ဘူး (တစ်တောင့်) မိတာလေးကို လက်ရှိပေါက်ဈေးထက် ဆယ်ဆနဲ့ မြှောက်ပြီး ဒဏ်ကြေးဆောင်ခဲ့ရဖူးပါတယ်။ ကျနော်တို့နိုင်ငံက ပြည်တွင်းမှာ အရက်၊ ဘီယာ တံဆိပ်များစွာ ထွက်ရှိနေကြသလို ပြည်ပကလည်း အခွန်ဆောင်နဲ့ အခွန်မဲ့ တင်သွင်းနေကြပါတယ်။ ယိုးဒယားက beer chan၊ singer စတဲ့ အရက်တွေက မြဝတီဘက်ကနေ တရားမဝင် ဝင်ရောက်မှုကို ထိန်းချုပ်တားဆီးနိုင်ခြင်း မရှိသေးပါဘူး။ ကျနော်တို့ နယ်ဒေသမှာဆို အလှူ၊ မင်္ဂလာဆောင်၊ နာရေးနဲ့ ပွဲတော် အတော်များများမှာ အရက်၊ ဘီယာက မပါမဖြစ် ဖြစ်နေကြပါတယ်။ ဒီလို အလွယ်တကူဖြစ်နေတဲ့ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်၊ ဘီယာနဲ့ ဝိုင်တွေရဲ့ အခွန်တွေ တိုးမြှင့်ကောက်ခံဖို့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်ပြီး ၁ ဧပြီ ၂၀၁၈ ကနေ စတင် အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ ဆေးလိပ်တန်ဖိုးအလိုက် စီးကရက် တလိပ်ကို ၄ ကျပ်ကနေ ၁၆ ကျပ်အထိ ကောက်ခံမှာဖြစ်ပါတယ်။ ဈေးအနည်းဆုံး အရက် တလီတာ ၇၅၀ ကျပ်ကို အခွန်အခ ၉၀ ကျပ် ဖြစ်ပါတယ်။ အရက် တလီတာ တန်ဖိုး ၂၆၀၀၀ အထက်နဲ့ ဘီယာတွေကိုတော့ တန်ဖိုးအလိုက် ၆၀ ရာခိုင်နှုန်းနဲ့ ကောက်ခံမှာ ဖြစ်ပါတယ်။ ဒီလို အခွန်တိုးမြှင့်ကောက်ခံမှုတွေ ရှိနေသော်လည်း ယခုနှစ် မြန်မာ့အတာသင်္ကြန် ပွဲတော်ကြီးအတွက်တော့ စီးပွားရေးသမားများက အရက်၊ ဘီယာပစ္စည်းတွေ စတင်လှောင်နေကြပါပြီ။ ပစိဖိတ်သမုဒ္ဒရာထဲက နယူးကယ်လီတိုးနီးယား ကျွန်းနိုင်ငံငယ်လေးမှာတော့ ဒေသအလိုက် စည်းကမ်းချက်တွေ ထုတ်နိုင်သလို ကျနော်တို့ အမိမြန်မာနိုင်ငံတော်မှာလည်း တိုင်း၊ ပြည်နယ်အလိုက် အဘယ်သို့သော ဥပဒေများ နှစ်သစ်ဦးအခါ သင်္ကြန်တွင်းမှာ ထုတ်ပြန်ကြေညာကြမလဲ စိတ်ဝင်တစား စောင့်မျှော်လင့်မိပါတယ်။ ဗိုလ်သူရိန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024