မူဆယ် ၁၀၅ မိုင်တွင် မိုင်းပေါက်ကွဲ
နန်းမြနဒီ
·
February 26, 2018
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ၁၀၅ မိုင်မှာ ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီကျော်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
၁၀၅ မိုင်ရွာ သီလရှင်ကျောင်းအနီးမှာ ပေါက်ကွဲသွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ မူဆယ်မြို့မရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“ ဖြစ်တာက ၁၀၅ မိုင်ရွာပေါ့၊ သီလရှင်ကျောင်း ရှိတယ်ခင်ဗျ၊ အဲဒီကျောင်းဘေးနားမှာ ဖြစ်တာ၊ ဒဏ်ရာဒဏ်ချက် ရတာတွေတော့ မရှိပါဘူး ၊ ဒေသန္တရလက်လုပ်မိုင်း ပေါက်တာပါ။”
ဒါဟာ ၅ ရက်အတွင်း မြန်မာပြည်တွင်း မတူတဲ့ နေရာဒေသ ၃ နေရာမှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေတာဖြစ်ပြီး ဗုံးခွဲတရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးသလို ဘယ်အဖွဲ့အစည်းကမှလည်း သူတို့ရဲ့လက်ချက်လို့ ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ရိုးမဘဏ်ခွဲ ၁ မှာ ဖေဖော်ဝါရီ ၂၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား ၂ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရှိခဲ့သလို ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ရခိုင်ပြည်နယ် စစ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။