Home
မြန်မာသတင်း
မြိတ်တွင် အိမ်အကူမိန်းကလေးအား ညှဉ်းပန်းနှိပ်စက်မှုဖြင့် အိမ်ရှင်လင်မယားကို ဖမ်းဆီး
DVB
·
February 24, 2018
home
မြိတ်မြို့မှာ အိမ်အကူမိန်းကလေးအား နှိပ်စက်လို့ အိမ်ရှင်လင်မယားကို ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မြိတ်မြို့၊ ကြံတောကွက်သစ်ရပ်နေ ဦးအောင်ကိုကို(ခ) အောင်ကို (၂၅ နှစ်) နဲ့ ဇနီးဖြစ်သူ မမြတ်မွန်ထွဋ်(၂၃ နှစ်) တို့ရဲ့ အိမ်မှာ ကလေးထိန်းအိမ်အကူမိန်းကလေး နှိပ်စက်ခံနေရတယ် သတင်းရလို့ ဖေဖော်ဝါရီ ၂၁ ရက်က လူကုန်ကူးမှုကာကွယ်တားဆီးရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြိတ်မြို့မ ရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ အိမ်အကူ မိန်းကလေးကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၁၁ နှစ်အရွယ် မရွှေဇင်ဝင်း(ခ)ရွှေဇင်(၁၁ နှစ်) ဟာ လွန်ခဲ့တဲ့ ၂ လကျော်လောက်က အဲဒီအိမ်မှာ တလကို ငွေကျပ် ၃ သောင်းနဲ့ ကလေးထိန်း အိမ်အကူ လုပ်ကိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကလေးထိန်းရတဲ့အပြင် အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးတွေကိုလည်း လုပ်ရပြီး ညနက်မှ အိပ်ရတာကြောင့် ကလေးထိန်းချိန်မှာ ငိုက်ရင် ဦးအောင်ကိုကိုနဲ့ မမြတ်မွန်ထွဋ်တို့က ခြိမ်းခြောက် ပြောဆိုတာ၊ လက်သီးနဲ့ မျက်နှာကိုထိုးတာ၊ ထိုင်ထအကြိမ် ၁၀၀၀ လုပ်ခိုင်းတာ၊ လက်သည်းနဲ့ ကုတ်ဖဲ့တာ၊ ဟင်းချက်ဇွန်းပြားနဲ့ ရိုက်နှက်တာတွေ လုပ်တယ်လို့လည်း မရွှေဇင်ဝင်းက ဖြေပါတယ်။ ဒါကြောင့် လည်ဂုတ်ညိုမဲ၊ ဝဲမျက်လုံးဖူးရောင်၊ လက်ပွန်းခြစ်၊ ယာလက်သန်းပြတ်ရှ၊ ကျောကုန်းနာကျင်ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အိမ်ရှင်လင်မယားကို မြိတ်မြို့ရဲစခန်းက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဖမ်းဆီးပြီး ရဲအရေးမပိုင်မှုနဲ့ မြိတ်မြို့နယ်တရားရုံးကို  ဦးတိုက်လျောက်ထားခဲ့ပါတယ်။ တရားရုံးက ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ လက်ခံစစ်ဆေးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - မြတ်ထွဋ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013