လက်နက်ကြီးထိမှန်ခဲ့သည့် မြန်မာနိုင်ငံသား တရုတ်နိုင်ငံ၌ ဆေးကုသမှုခံရယူ (ရုပ်သံ)
DVB
·
March 9, 2017
ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်ပြည်ဘက်ကို လက်နက်ကြီး ကျရောက်ခဲ့ ဒဏ်ရာ ရရှိထားတဲ့ မြန်မာနိုင်ငံသားတဦး တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူနေရပါတယ်။
ဒဏ်ရာရသွားတဲ့ ဦးတင်သန်းဌေးဟာ တရုတ်ပြည် နန်းဆန်မြို့ စိရွှေရင်ဆေးရုံကြီးမှာ ဆေးရုံတက်ရောက်ကုသမှုခံယူနေပြီး တရုတ်အစိုးရက ကူညီထောက်ပံ့ပေးထားတယ်လို့ တရုတ်ပြည်ဘက်ရှိ ဒေသခံတယောက်ကပြောပါတယ်။
“ဒဏ်ရာကလည်း နည်းနည်းသက်သာလာပါပြီ။ ထိတာက သူ့ချိုင်းအောက်မှာ ၂ လက်မလောက် လက်နက်ဝင်သွားတာ။ အခု တရုတ်အစိုးရက ဆေးဖိုးဝါးခ အကုန်ကူညီပေးထားတယ်။ စားစရိတ်တော့ မပေးဘူး။ ဒါပေမယ့် တချို့ကလည်း လာလှူကြတယ်"
မတ်လ ၈ ရက်နေ့မှာ လောက်ကိုင် တိုက်ပွဲပြင်းထန်လာခဲ့ပြီး နန်းဆန်မြို့နဲ့ ၁ မိုင်ကျော် ဝေးတဲ့ အလုပ်သမားများရှိတဲ့ ကြံခင်းထဲကို လက်နက်ကြီး ၃ လုံး ကျရောက်ခဲ့ပြီးတော့ ၂ လုံးမှာ မပေါက်ကွဲဘဲ ၁ လုံး ပေါက်ကွဲခဲ့တာကြောင့် မြန်မာနိုင်ငံသား ၁ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မတ်လ ၇ ရက်နဲ့ ၈ ရက်နှစ်ရက်အတွင်း ကျရောက်ခဲ့တဲ့ လက်ကြီးတွေဟာ စုစုပေါင်း အလုံး ၂၀ ဝန်းကျင်ခန့်ရှိပြီးတော့ တရုတ်ဘက်က ဓာတ်ပုံမှတ်တမ်းတွေ လာရောက် ယူဆောင်သွားတယ်လို့ မျက်မြင်သက်သေတယောက်က ပြောပါတယ်။
လောက်ကိုင်ဘက်မှ ထွက်ပြေးလာသူ ဦးရေမှာ ၁၀၀၀ ကျော်ဝန်းကျင်လောက် ရှိနေပြီး ထွက်ပြေးလာတဲ့ လူတွေထဲမှာ ကိုးကန့်၊ ပလောင်(တအာင်း)နဲ့ ရှမ်းတိုင်းရင်းသားတွေ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။
သတင်း - နိုင်နိုင်
Video- တရုတ်ပြည်ဘက်ရှိ ဒေသခံတဦး