ကျောက်တော်မြို့နယ်တွင် အရပ်သား ၂ဦး လက်နက်ကျည်ထိပြီး ဒဏ်ရာရ
DVB
·
April 1, 2019
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သလူချောင်ကျေးရွာအုပ်စု ဖက်ဝန်း ချောင်းကျေးရွာက ကျေးရွားသားနှစ်ဦး ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်လောက်က အိမ်မှာ စကားထိုင်ပြောနေရင်းက နေအိမ်ကို လက်နက် ကျည်ရောက်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။
ဖားဝပ်ချောင်ကျေးရွာက ကိုမောင်သူ အသက် ၁၅ နှစ်ဟာ ညာဖက်လက်မောင်း ထိခိုက်သွားပြီး ဖက်ဝန်းချောင်းကျေးရွာက ကိုဇော်မင်းအသက် ၃၂ နှစ်ကတော့ ခြေထောက်မှာ ဒဏ်ရာတချက်နဲ့ ကျောကုန်းမှာ ဒဏ်ရာတွေ ပြင်းထန်ရရှိသွားတာလို့ လူမှုကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ ကိုဇော်ဝင်းကပြောပါတယ်။
“ဒဏ်ရာပြင်းထန်လူနာနှစ်ယောက်ကို ကျနော်အခုပဲ သယ်ယူလာတယ်ဗျ။ ဒဏ်ရာက တော်တော်ပြင်းထန်တယ်ဗျ။ တယောက်မှာ ညာဖက်လက်မောင်း လုံးဝထိသွားတယ်။ အခြေအနေဆိုးတယ်။ နောက်တယောက်မှာတော့ ခြေဖနောင့်ရယ်၊ ပြီးတော့ကျော့ ကုန်းထိသွားတယ်။ သွေးလုံးဝမရပ်ဘူး။”လို့ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူ ရွာသားနှစ်ယောက်လုံးကို ကျောက်တော် ဆေးရုံကို ပို့ဆောင်ထားပါတယ်။
သလူချောင်းကျေးရွာအုပ်ချုပ်စုအုပ်ချုပ်ရေးမှူးက ကျနော်သိရတာကတော့ ထိခိုက် ဒဏ်ရာရတာနှစ်ယောက်လို့ သိရတယ်ဗျ။ အခု သူတို့ နှစ်ယောက်ကို ကျောက်တော်ပို့လိုက်တယ်။ အမြောက်တွေ ဆက်တိုက်ထုနေတော့ အားလုံးကြောက်လန့်နေကြတယ်” လို့ပြောပါတယ်။
မတ်လ ၃၁ ရက်ကလည်း ဖက်ဝန်းချောင်းကျေးရွာ အနီးတဝိုက်မှာ ရက္ခိုင့်တပ်မတော်အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေပြော ပါတယ်။
သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ ဇော်ဝင်း