ရန်ကုန် ၄ နေရာမှ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများ အမှုဖွင့် တိုင်တန်းခံထားရ
ရွှေအောင်
·
November 24, 2015
ပါတီကိုယ်စားလှယ်လောင်းတွေကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားနိုင်ခွင့်ရှိတဲ့ကာလ ကုန်ဆုံးချိန် နိုဝင်ဘာ ၂၃ ရက်အထိ ရန်ကုန်တိုင်း နေရာ ၄ ခုက အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေ အမှုဖွင့် တိုင်ကြားခံထားရပါတယ်။
ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးစိုးမြင့်ထိန်က ရန်ကုန်တိုင်းတွင်းရှိ တောင်ဥက္ကလာ၊ ကျောက်တန်း၊ ထန်းတပင်နဲ့ လှည်းကူးတို့မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေကို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
“ကျောက်တန်းမှာက သူတို့ စည်းရုံးရေးသွားတဲ့လမ်းကို ဟန့်တားတယ်ဆိုပြီး တိုင်ထားတာရှိတယ်။ ထန်းတပင်ဘက်မှာက ကြိုတင်မဲနဲ့ ပတ်သက်ပြီး တိုင်တာ။ နောက် ၂ နေရာမှာတော့ မဲရုံကိုယ်စားလှယ်တွေရော မဲရုံတာဝန်ကျသူတွေကပါ အန်အယ်လ်ဒီကို စည်းရုံးပေးတယ်ဆိုပြီးတော့ တိုင်တာ။”
အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေကို အမှုဖွင့်ထားတဲ့ပါတီက ကြံ့ခိုင်ရေးပါတီကချည်းဖြစ်ပြီး အန်အယ်လ်ဒီကလည်း အလားတူ ပြန်လှန်အမှုဖွင့်ဖို့ ဥပဒေအထောက်အကူပြု အဖွဲ့တွေနဲ့ တိုင်ပင်စီစဉ် လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
အန်အယ်လ်ဒီပါတီဘက်ကလည်း မြောက်ဒဂုံမှာ ကြံ့ခိုင်ရေးပါတီကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားမှုတခု လတ်တလော ရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရန်ကုန်တိုင်း ၄၅ မြို့နယ်အတွင်း ပြည်သူ၊ အမျိုးသားနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး အပါအ၀င် နေရာပေါင်း ၁၄၉ နေရာမှာ ယှဉ်ပြိုင်ခဲ့ပြီး ၁၄၄ နေရာ အနိုင်ရရှိခဲ့ပါတယ်။