အန်အယ်လ်ဒီ ပြည်မြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဓားထိုးခံရ
DVB
·
June 10, 2019
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် အန်အယ်လ်ဒီသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်ဥာဏ်ဝင်း ဒီကနေ့ ဇွန်လ ၁၀ရက်က ဓားထိုးခံရပြီး ဒဏ်ရာနဲ့ ပြည်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။
မြေယာအငြင်းပွားမှု ဖြေရှင်းရင်း တယ်လီဖုန်းပျောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဖုန်းခိုးသူလို့ စွပ်စွဲခံရတဲ့ အမျိုးသားတဦးက ကိုကျော်ကျော်ဥာဏ်ဝင်းကို ပြည်ခရိုင် တရားရုံးအရှေ့က ထမင်းဆိုင်မှာ ဓားလို့ယူဆရတဲ့ အချွန်လက်နက်တခုနဲ့ လည်ပင်းကို ထိုးပြီး ထွက်ပြေးသွားတယ်လို့ ဆိုင်ရှင်ဒေါ်အေးက ပြောပါတယ်။
အခင်းဖြစ်ဖြစ်ချင်းပဲ အနားမှာရှိတဲ့ ကားတစီးကို အကူအညီတောင်းပြီး ဒဏ်ရာရသူကို ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးသို့ပို့ဆောင်ကာ အရေးပေါ်ဆေးကုသပေးနေပြီး ဒဏ်ရာတချက်က လည်ပင်း ထုတ်ချင်းပေါက်သွားပြီး လတ်တလော သွေးထွက်လွန်နေလို့ စကားသံမထွက်တော့တဲ့ အခြေအနေမှာရှိတယ်လို့ ပြည်ဆေးရုံကြီးက သိရပါတယ်။
တရားခံကတော့ ကုန်သည်လမ်းကနေ တခြားလမ်းတွေဘက်ကို ထွက်ပြေးသွားပြီး ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲကာ ရှာဖွေနေကြပေမယ့် အခုထိတော့ မမိသေးပါဘူးလို့ ပြည်မြို့ အမှတ် ၁ ရဲစခန်းက သိရပါတယ်။
သတင်း- မင်းညို