မီဒီယာ နှင့် ၃ ပတ်မပြောရန် အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများကို တားမြစ်
ရွှေအောင်
·
September 13, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ ရက်သတ္တ ၃ ပတ် မီဒီယာနဲ့ ပြောဆိုဆက်ဆံခြင်း မလုပ်ဖို့ အဖွဲ့ချုပ်ဗဟိုက တားမြစ်ထားတယ်လို့ ကယားပြည်နယ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူက ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်က အဖွဲ့ချုပ်ဥက္ကဋ္ဌ ကယားပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောတာဖြစ်ပါတယ်။
အဖွဲ့ချုပ်ဗဟိုက ကိုယ်စားလှယ်လောင်းများဆိုင်ရာ ပြောခွင့်ရ ဦးဝင်းမြင့်က တချို့ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတဲ့အခါ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့အညီ မဲမဆွယ်ဘဲ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုတဲ့ ကတိက၀တ်တွေပေးပြီး မဲဆွယ်တာတွေရှိနေလို့ အခုလို တားမြစ်ရတာလို့ ပြောပါတယ်။
“တချို့ကဗျာ ကိုယ့်ဘာသာ လျှောက်ရေးတယ်၊အဖွဲ့ချုပ်ရဲ့ ကြေညာစာတမ်းပါ မူဝါဒ မဟုတ်ဘူးဗျာ၊ကိုယ့်ဘာသာ ပြည်သူကို ဘယ်လိုလုပ်မယ် ဘယ်ဝှာလုပ်မယ်ဆိုတော့ ဒါတွေက မလုပ်နိုင်ဘဲနဲ့ ပြည်သူကို ကတိပေးလို့ မကောင်းဘူးလေ၊ အာမခံချက် ၆ ချက်တို့၊ ကတိပြုချက် ၄ ချက်တို့ သူ့ဘာသာသူ ရေးချင်တာရေးတာတွေ အဲ့ဒါတွေ ဖြစ်မှာ စိုးလို့။”
အဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့လအတွင်း ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း စိစစ်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တုန်းကလည်း အလားတူ မီဒီယာနဲ့ မပြောဖို့ တားမြစ်ခဲ့ဖူး ပါတယ်။
အဖွဲ့ချုပ်ဟာ ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်လို့ စိုးရိမ်စိတ်ကြီးစွာထားပြီး သတိနဲ့ ကိုင်တွယ်လုပ်ဆောင်နေတာ တွေ့နေရပါတယ်။