ခေါင်းစဥ်ဖတ်လိုက်တော့ ဘာတုန်းဟလို့ တွေးမိပါလိမ့်မယ်။ ခေါင်းစဥ်မမှားပါဘူး။ အမှန်ပါ။ သတင်းဆိုးတွေ ဖြန့်ချိရပါမယ်။ တိတိကျကျ ဖြန့်ချိရမယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရမယ်။ စဥ်ဆက်မပျက် ဖြန့်ချိရပါမယ်။
စစ်ပွဲတပွဲမှာ အရေးကြီးဆုံးက ရန်သူ့အကြောင်း၊ ကိုယ့်အကြောင်း သေချာသိဖို့ပဲလို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဒါ မှန်ပါတယ်။ ခုလည်းပဲ လက်နက်ကိုင်ဒီမိုကရေစီ ခရီးလမ်းကြီး ရေရှည်လာတာနဲ့အမျှ ရန်သူတပ်နဲ့ မိမိတို့တပ်တွေဟာ အပြန်အလှန် ဗျူဟာ၊ လုပ်ဟန်တွေ ရိပ်စားမိလာကြပါပြီ။ ဒါပေမဲ့ ရန်သူစစ်အုပ်စုဘက်က မိမိတို့ တော်လှန်ရေးတပ်တွေအကြောင်း ပိုမိုပြီး စေ့စေ့စပ်စပ် သိရှိလာကာ နည်းဗျူဟာအသစ်တွေ ချမှတ်လာနိုင်ပေမဲ့ မိမိတို့ တော်လှန်ရေးတပ်တွေကတော့ ကိုယ့်အဝန်းဝိုင်းလေးမှာ ကြုံတွေ့ရတဲ့ ရန်သူ့အကြောင်းလောက်ပဲ စနည်းနာမိတာ တွေ့ရပါတယ်။ ဒါ အတော်လေး နစ်နာတဲ့ ပြဿနာပဲ။
ဆိုကြပါစို့ရယ်။ ရန်သူဟာ တစုတစည်းတည်း ရှိနေတယ်။ သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေဟာ တနိုင်ငံလုံးရဲ့ ရှေ့တန်းစစ်မြေပြင်က ရန်သူ PDF ရဲ့ တိုက်ကွက်တွေ၊ ဗျူဟာတွေ၊ လုပ်ဟန်တွေကို စနစ်တကျ မှတ်တမ်းတင်ပြီး နောက်ဖြစ်လာမယ့် တိုက်ပွဲတွေမှာ ဘယ်လို တုံ့ပြန်ဆောင်ရွက်၊ ထိုးစစ်ဆင်ရမလဲ ဆိုတာ စနစ်တကျ ညွှန်ကြားနိုင်တယ်။ ဒါဟာ ရန်သူ့ အားသားချက်ပဲ။ လက်ခံရမယ်။ ကိုယ်တွေ တော်လှန်ရေးဘက်ကတော့ ကိုယ့်နယ်မြေသေးသေးလေးထဲ ဖြစ်ပွားခဲ့တဲ့ ရန်သူ့တိုက်ကွက်၊ ဗျူဟာ၊ လုပ်ဟန်ကိုပဲ သိရှိထားတယ်။ ဒီတော့ ကိုယ့်နေရာကျဥ်းကျဥ်းကလေးပဲ သိတယ်။ ဒါ့ကြောင့် စစ်အုပ်စုက လုပ်ဟန်ဗျူဟာတခုလောက်နဲ့ နေရာဒေသ အသီးသီးကို ထပ်ကာတလဲ ထိုးစစ်ဆင် ချေမှုန်းနိုင်နေတာ တွေ့ရတယ်။ ဥပမာ ရန်သူဗျူဟာမှာ ၂၀၂၂ နှောင်းပိုင်းကတည်းက တန်ပြန်ပြောက်ကျားဗျူဟာတွေ တွေ့လာရတယ်။ စိုးမိုးနယ်မြေထဲကို PDF ယောင်ဆောင်ပြီး အိမ်စီးကားလေးတွေနဲ့ ဝင်ရောက်ပစ်ခတ်ပြီး ပြည်သူကို ဖမ်းဆီးတာမျိုး။ စိုးမိုးနယ်မြေ အစွန်းလောက်ကို ကင်းပုန်းတက်ဝပ်ကာ PDF ကို ချောင်းမြောင်းပစ်ခတ်တာတွေ တောက်လျှောက် လုပ်နေတာပါ။ ဒါပေမဲ့ ခုထိလည်း လုပ်လို့ရနေတုန်းပဲ။ ခုလထဲမှာကို PDF အယောင်ဆောင်ပြီး ရွာထဲဝင်ကာ ပြည်သူတွေက တော်လှန်ရေးရဲဘော်တွေမှတ်ပြီး ရှိတာချကျွေးမှ အယောက် ၂၀ ကျော် ဖမ်းဆီးသွားပါသတဲ့။ ဒါတွေဟာ ကိုယ့်ဘက်က လိုအပ်မှုတွေပဲ။
တကယ်တော့ ဒါကို အလိုအလျောက်ဖြစ်စဥ်အတိုင်း မျှောလိုက်နေတာလို့ ဆိုလို့ရပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ၊ ရန်သူဖန်တီးလာနိုင်တဲ့ ဗျူဟာလုပ်ဟန်တွေကို ကြိုတင်တွက်ဆပြီး သိစိတ်ရှိရှိ ပိုင်းဖြတ်တာတွေ၊ ကြိုတင်ပြင်ဆင်တာတွေ မလုပ်နိုင်တာပါ။ ဥပမာ ရန်သူက တခြားဒေသတခုမှာ တော်လှန်ရေးတပ် အယောင်ဆောင်ကာ ဒေသခံတွေကို ဖမ်းဆီးသွားတာမျိုး ရှိတယ်ဆိုရင် ကိုယ့်ဒေသက ပြည်သူတွေကို တော်လှန်ရေးတပ်နဲ့ စကစတပ်ကို ဘယ်လိုခွဲခြားနိုင်မလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ကြိုတင်အသိပညာပေး ဖြန့်ဝေထားရမယ်။ ဒါ့အပြင် ကြွက်မနိုင် ကျီမီးနဲ့ရှို့တတ်တဲ့ ရန်သူ့ဗျူဟာကို သိတာနဲ့ ဒေသခံတွေကို ရာသီပေါ် လယ်ယာထွက်ကုန်တွေကို ခပ်မြန်မြန်လေး ရောင်းဝယ်ကြဖို့၊ ဒါမှမဟုတ်ရင်လည်း လုံခြုံတဲ့ တောထဲတွေ ပို့ထားဖို့ အသိပညာပေးရမယ်။ ဒါက တကယ့် အခြေခံလေးတွေ ပြောပြတာပါ။ ဆိုလိုတာက ရန်သူရဲ့ နယ်မြေအသီးသီးမှာ ပြုမူနေတဲ့ တိုက်ကွက်ဗျူဟာ၊ လုပ်ဟန်တွေကို သေချာလေ့လာပြီး ကိုယ့်ဒေသမှာ ဖြစ်မလာစေရေးအတွက် ကြိုတင်ပြီး လက်ဦးမှုရယူ ပြင်ဆင်ရပါမယ်။ ကိုယ့်ဒေသက အတွေ့အကြုံ၊ ရန်သူ့တိုက်ကွက်ဗျူဟာ၊ လုပ်ဟန်တွေကိုလည်း နယ်မြေအသီးသီးကို ဖြန့်ချိပေးရမယ်။ ဒါမှ ရန်သူ့အကြောင်းသိတယ်၊ အလိုအလျောက် ဖြစ်စဥ်တွေကို လက်ဦးမှုရှိရှိ ကြိုတင်ပိုင်းဖြတ်နိုင်တယ်လို့ ခေါ်နိုင်တယ်။ အဲဒီလိုပဲ ကိုယ့်ဘက်က ရန်သူကို ချေမှုန်းတဲ့ လုပ်ဟန်တွေ၊ ဗျူဟာတွေကိုလည်း အတတ်နိုင်ဆုံး လုံခြုံအောင် စီစဥ်နိုင်ရမယ်။ ဒီလို လုပ်နိုင်ဖို့ဆို အချက်လက်တွေ၊ လုပ်ဟန်တွေ အများကြီးရှိတဲ့အထဲ ငြိမ်းမောင် ဉာဏ်မီတဲ့ အချက်တွေ၊ အခြေအနေတွေ ရေးလိုက်ပါဦးမယ်။
ပထမတခုကတော့ ဗဟိုဦးစီးကွပ်ကဲမှုပေါ့။ ဗဟိုဦးစီးကွပ်ကဲမှုရဲ့ အနှစ်သာရကို လက်ရှိတော်လှန်ရေးကာလ တလျှောက်လုံး မပေါ်လွင်ခဲ့ဘူး။ ဗဟိုဦးစီးမှုဆိုတာ ကိုယ့်အမိန့်အောက် ရှိတယ်လို့ မှတ်တမ်းတင်ရုံနဲ့ မရဘူး။ တပ်ဖွဲ့ငယ်လေးတခုမှာရှိတဲ့ တပ်သားတွေကို သူတို့တပ်မှူးက ကွပ်ကဲတာကနေ အစိုးရတရပ်က သူ့အောက်ကတပ်တွေကို ကွပ်ကဲတာအထိ ဗဟိုဦးစီးမှုရဲ့ အနှစ်သာရ ပေါ်လွင်နေရမယ်။ ကိုယ့်အောက်ကရှိတယ်၊ ကိုယ့်ဦးစီးကွပ်ကဲမှု ရှိနေတယ်လို့ မှတ်ပုံတင်ရုံနဲ့ ဘာမှလုပ်လို့မရဘူး။ ကိုယ့်လက်အောက်ခံ ရဲဘော်တွေ၊ တပ်တွေကို ကွပ်ကဲဦးစီးရာမှာ သူတို့တွေရဲ့ လုပ်ဟန်၊ အတွေးအခေါ် အမှားတွေကို ပြုပြင်ပေးရုံမကဘဲ မှန်ကန်တဲ့လုပ်ဟန် အတွေးအခေါ်အသစ်တွေကို အချိန်နဲ့တပြေးညီ ညွှန်ကြား ဦးစီးနိုင်ဖို့ လိုတယ်။ အထက်ကဖော်ပြခဲ့တဲ့ အလိုအလျောက် ဖြစ်စဥ်တွေကို လက်ဦးမှုရှိရှိ၊ အမြော်အမြင်ရှိရှိ ခုတ်ပိုင်းနိုင်ရမယ်။ ဥပမာ တရုတ်ပြည်တော်လှန်ရေး ခေါင်းဆောင်ကြီး မော်စီတုန်းဟာ သူ့တပ်တွေကို ဘယ်လိုကွပ်ကဲလဲ ဆိုရင် အစီရင်ခံတဲ့စနစ်နဲ့ ပြန်လည်လမ်းညွှန်မှုစနစ်ကို သေချာတည်ဆောက်တယ်။ မြေပြင်တပ်မှူးတွေ၊ ကေဒါတွေ၊ ခေါင်းဆောင်တွေဟာ လစဥ်တိုင်း ပထမ ၁၀ ရက်အတွင်း ဒေသနယ်မြေအတွင်းက အခြေအနေ ဖြစ်စဥ်အားလုံးကို အစီရင်ခံစာရေးပြီး ဗဟိုကို တင်ပြရတယ်။ ဒီအစီရင်ခံတင်ပြလာတဲ့ စာတွေကို တနေကုန်ထိုင်ဖတ်တယ်။ လိုအပ်ရင် မြေပြင်ထိ သွားရောက်ကာ စနည်းနာတယ်။ ပြီးရင် သေချာခွဲခြမ်းစိတ်ဖြာပြီး လိုအပ်တဲ့ လမ်းညွှန်မှု၊ သွန်သင်မှု လုပ်တယ်။ တခါ အတွေးအခေါ်နဲ့ ပတ်သက်လို့လည်း တော်လှန်ရေးကြီးကို နှောင့်ယှက်ဟန့်တားစေတဲ့ အတွေးအခေါ်တွေ ရဲဘော်တွေ၊ ပြည်သူတွေကြား ပျံ့နှံ့လာပြီ ဆိုတာနဲ့ ချက်ချင်းပဲ ဒီအတွေးအခေါ်ဟာ ဘာ့ကြောင့် ဆန့်ကျင်သင့်ကြောင်း၊ တိုက်ဖျက်ရမှာ ဖြစ်ကြောင်း အချက်လက်၊ စဥ်းစားချက် စုံစုံလင်လင်နဲ့ စာတမ်းတွေ ထုတ်ပြန်လေ့လာစေတယ်။ ဒါမျိုးလုပ်ဟန်ဆိုတာမှ ဗဟိုဦးစီးမှုရဲ့ (တနည်းအားဖြင့် အခုခေတ်စားပြီး ကျယ်ကျယ်ပြန့်ပြန့် အော်နေကြတဲ့ အမိန့်ပေးစနစ် (ဝါ) COC စနစ်) ရဲ့ အနှစ်သာရ ကောင်းကျိုးက ပေါ်လွင်လာပြီး လူထုတရပ်လုံး၊ အဖွဲ့အစည်းအားလုံးက ဦးဆောင်မှုကို ကျေကျေနပ်နပ် ခံယူလာကြမှာ ဖြစ်တယ်။ ဒါမှ ဦးဆောင်မှုတခုတည်း အောက်ကနေ အလိုအလျောက် ဖြစ်စဥ်တွေကို စနစ်တကျ လက်ဦးမှုရှိရှိ ကြိုတင်ကာကွယ်ပြီး လမ်းမှန်ရောက်မှာပါ။
ဒုတိယတခုကတော့ ဆိုရှယ်မီဒီယာပေါ့ဗျာ။ ဆိုရှယ်မီဒီယာဆိုတာက နှစ်ဖက်သွားနဲ့ ဘရိတ်ဓား ဖြစ်တယ်။ ကိုင်တွယ်တတ်ရင် ပြောင်နေအောင် ရိတ်လို့ရပေမဲ့ မကိုင်တွယ်တတ်ရင် ကိုယ်ပါ လက်ပြတ်သွားနိုင်တယ်။ ဆိုရှယ်မီဒီယာလို့ ဆိုတဲ့နေရာမှာ တဦးချင်း ပုဂ္ဂလိက လူမှုကွန်ရက် စာမျက်နှာကနေ သတင်းဌာနတွေအထိ ပါဝင်နေတယ်။ ကိုယ့်နယ်မြေမှာ ရန်သူလုပ်ဆောင်သွားတဲ့ တိုက်ကွက်၊ ဗျူဟာ၊ လုပ်ဟန်တွေကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရမယ်။ အဲဒါနဲ့အတူ ကိုယ့်တော်လှန်ရေးဘက်က တပ်ဖွဲ့တွေ ကိုယ်နှိုက်က ဖောက်ပြန်တဲ့ ဖက်ဆစ်စိတ်ဓာတ်တွေ၊ လုပ်ဟန်တွေ ဝင်လာရင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရမယ်။ ဘာကြောင့်လဲဆိုတော့ လူထုတရပ်လုံးရဲ့ ရန်သူဟာ လူပုဂ္ဂိုလ်မဟုတ်ဘဲ စနစ်ဖြစ်နေလို့ပဲ။ အမြင်ကျဥ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေ၊ အကြမ်းဖက်တဲ့ ဖက်ဆစ်စနစ်တွေ၊ တစုတဖွဲ့ ကောင်းစားရေးဆိုတဲ့ တဖွဲ့ချင်းကောင်းစားရေး ဝါဒတွေဟာ ကျနော်တို့ရန်သူအစစ်ပဲ။ ဒီစနစ်မူတွေကို စွဲကိုင်ထားတဲ့သူဟာ ကျနော်တို့ရန်သူပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရင်သွေး ဖြစ်တာချင်းတူတူ ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ဖြစ်လာပြီး အောင်ဆန်းဦးက လူထုချဥ်ဖတ် ဖြစ်လာတာကိုပဲ ကြည့်ပါ။ လူထုက သူတို့ချစ်တဲ့ ဒီမိုကရေစီကို ကိုင်စွဲတဲ့သူကို ချစ်တာပါ။ လူကိုချစ်တာ မဟုတ်ပါဘူး။ ဒီလိုပဲ အခုကာလမှာ ဒီမိုကရေစီစနစ်ဟာ ကျနော်တို့လိုလားချက် ဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးလိုက်နာသူဟာ လူထုမိတ်ဆွေ ဖြစ်ပြီး အာဏာရှင် အကြမ်းဖက်စနစ်နဲ့ အဲဒီစနစ်ကို ကျင့်သုံးသူတွေဟာ ကျနော်တို့ရဲ့ရန်သူ ဖြစ်တယ်ဆိုတာကို ကောင်းကောင်းနားလည်ဖို့ လိုအပ်ပါမယ်။ ကိုယ့်တော်လှန်ရေးဘက်မှာနေပြီး ရန်သူ့အတွေးအခေါ်၊ ရန်သူ့လုပ်ဟန်အတိုင်း လုပ်ဆောင်နေတယ်ဆိုရင် ဒါဟာ ရန်သူကို ကြေးစားအကူအညီပေးနေတာသာ ဖြစ်တယ်လို့ ရှုမြင်ရမယ်။ စည်းရုံးရေး၊ ပညာပေးရေးက အစ၊ အရေးယူမှု အသီးသီးလုပ်တဲ့အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရမယ်။
ဆိုတော့ကာ ဒီလို ရန်သူက တိုက်ကွက်ဗျူဟာအသစ်နဲ့ ချေမှုန်းသွားလို့ ကိုယ့်တော်လှန်ရေး ရဲဘော်လေးတွေ ကျဆုံးသွားတဲ့သတင်းကို ဖြန့်ချိရင် ရန်သူဝမ်းသာနေမှာပေါ့လို့ သုံးသပ်သူတွေ ရှိတယ်။ တခါ ကိုယ့်ဘက်ကလူတွေရဲ့ လုပ်ဟန်အမှားတွေကို ဖြန့်ချိရင် ရန်သူဝမ်းသာနေမှာပေါ့ ဆိုတာမျိုး၊ ပြည်သူတွေ စိတ်ဓာတ်ကျမှာပေါ့ ဆိုတာမျိုးဟာ မှားယွင်းတဲ့ အတွေးအခေါ်ပဲ။ ဒါ စစ်တိုက်နေတာဖြစ်ပြီး ချစ်ကြိုက်နေတာ မဟုတ်တဲ့အတွက် ဝမ်းသာတာတွေ၊ ဝမ်းနည်းတာတွေဟာ အပေါ်ယံသဘောတွေပါပဲ။ ရန်သူ့လုပ်ဟန်ကို မမျှဝေဘဲ ထိမ်ချန်ထားပြီး ကြိုတင်ပြင်ဆင်မှုတွေ မလုပ်နိုင်ဘဲ ခဏခဏ ချေမှုန်းခံနေရတာမှ ရန်သူ့ဝမ်းသာမှုအစစ် ဖြစ်တယ်။ ရန်သူ့လုပ်ဟန်တွေကို မျှဝေပြီး နေရာတိုင်း ကြိုတင်ပြင်ဆင်ထားနိုင်ကာ ရန်သူ့လုပ်ဟန်တွေ တိုးမပေါက်တော့တဲ့ အခြေအနေကို ဖော်ဆောင်ခြင်းဖြင့်သာ ရန်သူကို စိတ်ဓာတ်ကျဆင်းစေရမယ်။ ဒီလိုပဲ ကိုယ့်ဘက်က တော်လှန်ရေးတပ်တွေရဲ့ လုပ်ဟန်အမှားတွေကို မဖြန့်ချိဘဲ ထိမ်ချန်ထားပြီး ပြဿနာတွေ ပုပ်ပွလာတာဟာ လူထုအတွက် တကယ်စိတ်ဓာတ်ကျစရာ ဖြစ်နေတယ်။ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပြီး စနစ်ကျတဲ့၊ လျင်မြန်တဲ့၊ ခွဲခြမ်းစိတ်ဖြာမှုရှိတဲ့ ညွှန်ကြားချက်တွေနဲ့ အချိန်မီ ပြင်ဆင်ပေးတဲ့ လုပ်ဟန်ကို ဖော်ဆောင်ခြင်းဖြင့်သာ လူထုတရပ်လုံး စိတ်ဓာတ်တက်ကြွ ရွှင်လန်းလာပါလိမ့်မယ်။
ထီထိုးသလို၊ ချဲထိုးသလို၊ အပျော်ရထားစီးသလို သူ့ဟာနဲ့သူ ဘူတာရောက်သွားလိမ့်မယ် ထင်နေရင် မှားသွားပါလိမ့်မယ်။ တိမ်းစောင်းမှု၊ ရာသီဥတု၊ ခရီးသည်တွေရဲ့ အခြေအနေတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး ချီတက်နိုင်မှသာ ရွှေပြည်တော် မျှော်တိုင်းမဝေးမှာ ဖြစ်တယ်ဆိုတာကို တပ်တော်ဦးဆီမျှော်ပြီး ရေးလိုက်ရပါကြောင်း။
ငြိမ်းမောင် (ပ.တ.တ)