ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၉၀၀ ကျော် စာရင်းသွင်း
DVB
·
August 6, 2015
လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါက ကိုယ်စားလှယ်လောင်း ၉၀၀ ကျော် အမည်စာရင်းသွင်းထားပြီး ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင် ၂၀ ကနေ သြဂုတ် ၄ ရက်အထိ တသီးပုဂ္ဂလ ၆၇ ဦး အပါအ၀င် နိုင်ငံရေးပါတီ ၅၆ ပါတီက ကိုယ်စားလှယ်လောင်းပေါင်း ၂၀၇၃ ဦး လက်ရှိ စာရင်းသွင်းထားရာမှာ ကြံ့ခိုင်ရေးပါတီက အများဆုံး စာရင်းသွင်းထားတာပါ။
ပြည်သူ့လွှတ်တော်အတွက် ၂၅၈ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၃၄ နေရာ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၅၀၁ နေရာနဲ့ တိုင်းရင်းသားလူမျိုးစု ၁၇ နေရာ စုစုပေါင်း ၉၁၀ နေရာမှာ ကြံ့ခိုင်ရေးပါတီက အမတ်လောင်းတွေ စာရင်းသွင်းထားပြီးဖြစ်ပါတယ်။
ဒီအထဲမှာ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်အတွက် စာရင်းသွင်းထားပြီး ပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးက ဟင်္သာတပြည်သူ့လွှတ်တော်မှာ ၀င်ပြိုင်ဖို့ စာရင်းသွင်းထားပါတယ်။
ပါတီတွင်း တခြားထင်ရှားသူတွေထဲမှာ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက လာရှိုး၊ ဦးနန္ဒကျော်စွာက ဒဂုံမဲဆန္ဒနယ်၊ ဦးတင်နိုင်သိန်းက ကလောမဲဆန္ဒနယ်၊ ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပ၊ ဒေါက်တာကံဇော်က မကွေးတိုင်း စလင်းမြို့နယ်၊ ဦးတင့်ဆန်းက မြောင်းမြ၊ ဦးသိန်းညွန့်က မအူပင်၊ ဦးကျော်ဆန်းက ပုလဲ၊ ဦးဝင်းမြင့်က ဒီပဲယင်း စသဖြင့် ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မယ်လို့ ကြေညာထားတဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာတော့ ဦးကျော်ဇင်ဟိန်းက ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ၀င်ပြိုင်မှာပါ။
လတ်တလော ကော်မရှင်မှာ စာရင်းသွင်းထားတဲ့ ကိုယ်စားလှယ်လောင်း ၂၀၀၀ ကျော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၇၉ ဦး၊ အမျိုးသား ဒီမိုကရေစီအင်အားစုက ၉၂ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၃၈၅ ဦး၊ ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီက ၁၁၂ ဦး စသဖြင့် ပါဝင်ပါတယ်။