Home
မြန်မာသတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ၀င်ပြိုင်မည်
ရွှေအောင်
·
July 11, 2015
assk
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ၀င်ရောက်ယှဉ်ပြိုင်မယ်လို့  ဒီနေ့ပြုလုပ်တဲ့ ဗဟိုကော်မတီစည်းဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးမှ ရွေးကောက်ပွဲဝင် မ၀င် ကြေညာမယ်လို့ ပြောဆိုထားတဲ့အတိုင်း ကော်မရှင်ကြေညာအပြီး ၃ ရက်မြောက်နေ့မှာ ရွေးကောက်ပွဲဝင်မယ့်အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်၊ နှင်းဆီစံအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံမပြင်နိုင်ဘဲ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့အပေါ် အခုလို ပြောဆိုခဲ့ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးမှာ လွှတ်တော်တွင်း မအောင်မြင်ခဲ့တာကို ဘယ်လို သဘောထားမလဲ၊ ဒီလို မအောင်မြင်လျက်နဲ့ ရွေးကောက်ပွဲကို ၀င်မှာလားလို့ မေးတဲ့သူများလည်း ရှိပါလိမ့်မယ်။ ဒါလည်း မေးသင့်မေးထိုက်တဲ့ကိစ္စပါ။ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့ကတည်းက ပြောပါတယ်။ အဲ့ဒီတုန်းက ၀င်ပြိုင်ခဲ့တဲ့ မဲဆနနယ် ၄၄ နေရာ ရှိတယ်။ ၄၄ နေရာစလုံး နိုင်လို့ရှိရင်တောင်မှ ကျမတို့ဟာ ပြည့်ပြည့်၀၀ပြည့်စုံနိုင်မှာ မဟုတ်ဘူး။ ဒါ ပထမဆုံးခြေလျမ်းတခုပဲ။” အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်တော်ထဲ ရောက်ခဲ့ပြီးနောက်ပိုင်း ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံပြင်ဖို့အရေး စိတ်ဝင်တစား ရှိလာတယ်လို့လည်း ပြောပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အခါ အရည်အချင်းရှိသူ၊ လူငယ်၊ အမျိုးသမီး နဲ့ တိုင်းရင်းသားတွေကို ဦးစားပေးရွေးချယ်မယ်လို့ သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်မယ့်ကိစ္စအပါအ၀င် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးကိစ္စရပ်တို့နဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်သွားဖို့ ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013