Home
ဆောင်းပါး
အဖွဲ့ချုပ် စည်ပင်
DVB
·
April 2, 2019
20190402 nld municipal
မတ်လ ၃၁ ရက်၊ ရန်ကုန်စည်ပင်ရွေးကောက်ပွဲနေ့က မဲပေးဖို့ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းက အမှတ် ၄ အလယ်တန်းကျောင်းထဲ ရောက်ခဲ့တယ်။ မဲရုံလုပ်ထားတဲ့ ဒီကျောင်းမှာပဲ ၂၀၁၅ ခုနှစ်တုန်းက အထွေထွေရွေးကောက်ပွဲအတွက် မဲပေးဖို့ ရောက်ခဲ့ဖူးပြီး အခြေအနေတွေကတော့ လားလားမှ မတူတော့ဘူး။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ကျောင်းဝင်းထဲ တိုးမပေါက်အောင် စည်ကားပြီး နာရီဝက်လောက် တန်းစီ မဲပေးခဲ့ရတယ်။ အခု စည်ပင်ရွေးကောက်ပွဲမှာတော့ မဲပေးမယ့်သူဆိုလို့ ကိုယ်တွေပဲရှိပြီး မဲပုံးလေးပုံးအတွက် မဲလေးမဲ ပေးခဲ့ရတယ်။ မနက် ၁၀ နာရီထိုးနေပြီဖြစ်ပေမယ့် ကိုယ်တွေ မဲပေးပြီးချိန်အထိ မဲလာပေးသူ ၃၃ ယောက်ပဲ ရှိသေးပြီး ဒီမဲရုံမှာ မဲပေးနိုင်သူပေါင်း ထောင်ကျော်ရှိတယ်လို့ မဲရုံတာဝန်ကျသူတဦးက ပြောပြတယ်။ ဥရောပသမဂ္ဂက အကူအညီ ပေးထားတာဆိုတဲ့ မဲပေးပြီးကြောင်း သက်သေ အပြာရောင်မင်လေး လက်သန်းမှာဆွတ်ပြီး မဲရုံကထွက်တော့ မဲရုံပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေတာ သတိထားမိတယ်။ မဲရုံအနီးနားက ရပ်ကွက်ထဲမှာတော့ ဈေးဝယ်သူ၊ လက်ဘက်ရည်ဆိုင်ထိုင်တဲ့ သူတွေနဲ့ စည်ကားနေပြီး သူတို့ကြည့်ရတာ စည်ပင်ရွေးကောက်ပွဲဆိုတာ သတိထားမိကြဟန်လည်း မတူပါဘူး။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဖြစ်လို့ သိပ်စိတ်မဝင်စားကြတာလား၊ အစိုးရတရပ်အဖြစ် ရွေးကောက်တင်မြှောက်ကြမယ့် ရွေးကောက်ပွဲ မဟုတ်လို့ မဲလာမပေးကြတာလားဆိုတဲ့ မေးခွန်းတွေက စည်ပင်ရွေးကောက်ပွဲက အပြန်မှာ ထွက်ပေါ်ခဲ့တယ်။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ကြိုတင်မဲပေးခဲ့တယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်း နေပြည်တော်ကနေ တကူးတကလာပြီး မဲပေးခဲ့တယ်။ ဒါပေမယ့် မြို့တော်နေ ပြည်သူ မဲပေးပိုင်ခွင့်ရှိသူ ၃ သန်းကျော်ကတော့ စည်ပင်ရွေးကောက်ပွဲမှာ လာပြီး တက်တက်ကြွကြွ မဲမပေးခဲ့ကြဘဲ စစ်တမ်းတရပ်အရ မဲပေးနိုင်သူပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းအောက်ပဲ မဲလာပေးခဲ့ကြတယ် ဆိုတယ်။ စည်ပင်ရွေးကောက်ပွဲဖြစ်လို့ သိပ်အရေးမကြီးပါဘူးကွာဆိုပြီး မဲလာမပေးတာ ကိစ္စမရှိပေမယ့် မြို့တော်စည်ပင်အပေါ် စိတ်ပျက်နေလို့ မဲလာမပေးတာဆိုရင်တော့ ပြဿနာရှိနေပါပြီ။ ရန်ကုန်စည်ပင်မှာ လမ်းဘေး လေလွင့်ခွေးပြဿနာလို ပြဿနာမျိုးကို မဖြေရှင်းနိုင်တာ၊ လမ်းဘေးဈေးသည်ပြဿနာ မကိုင်တွယ် မဖြေရှင်းနိုင်တာတွေကြောင့် မြို့နေလူထုက စည်ပင်အပေါ် စိတ်ပျက်နေကြတယ်။ ဧပြီ ၁ ရက်ရောက်တော့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၉၀ ဝင်ပြိုင်ရာမှာ ၈၉ ဦး အနိုင်ရတယ်။ ရန်ကုန်က ဆိပ်ကမ်းမြို့နယ် တနေရာမှာ အဖွဲ့ချုပ် ရှုံးခဲ့တာဖြစ်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁၆ ဦးလည်း ရွေးကောက်တင်မြှောက်ခံရတယ်။ ဒီထဲ ပြိုင်ဘက်မရှိလို့ နိုင်တဲ့သူ ၁၃ ယောက်ပါတယ်။ မြို့တော်ကော်မတီဝင် ၆ ဦးနေရာလည်း အဖွဲ့ချုပ်ကိုယ်စားလှယ်တွေပဲ ရွေးကောက်ခံရပြီး အစိုးရခန့် ကော်မတီဝင် ၅ ဦးနဲ့ အခု ရွေးကောက်တင်မြှောက်ခံရတဲ့ ၆ ဦး ပေါင်း ၁၁ ဦးက ဒုတိယမြို့တော်ဝန်တဦးကို ရွေးကောက် တင်မြှောက်ကြရမယ်။ ပြောရရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ စိုးမိုးထားလိုက်ပြီး မြို့တော်စည်ပင်အလုပ်တွေ စတင်လုပ်ဆောင်ကြရတော့မယ်။ မြို့တော်ကော်မတီဝင်နဲ့ မြို့နယ်ကော်မတီဝင် ရွေးကောက်ခံ ကိုယ်စားလှယ်ပေါင်း ၁၀၅ ဦးကို စိန်ခေါ်နေတဲ့ မြို့တော်စည်ပင်သာယာရေး လုပ်ငန်းဆောင်တာတွေက အမြောက်အမြားရှိနေပြီး ကျန်ရှိသက်တမ်း ၂ နှစ်အတွင်းမှာ သူတို့ ဘယ်လောက်လုပ်နိုင်ကြမလဲ ဆိုတာကို ပြည်သူက စောင့်ကြည့်ရမယ်။ အထူးသဖြင့် စည်ပင်ကော်မတီဝင် အများစုဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ဖြစ်နေလို့ သူတို့ရဲ့ စွမ်းဆောင်နိုင်မှုဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အများကြီး စကားပြောပါတော့မယ်။ စည်ပင်ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့အသံ ကြားပြီးတဲ့နောက် စည်ပင်ရွေးကောက်ပွဲ ကော်မရှင်က ပါတီကိုယ်စားလှယ်တွေ ရွေးကောက်ခံမရလို့ ပြောပြီး နှစ်ရက်လောက်အကြာမှာ ပါတီကိုယ်စားလှယ်တွေလည်း စည်ပင်ရွေးကောက်ပွဲ ဝင်နိုင်တယ်လို့ ပြန်ပြီးကြေညာခဲ့တယ်။ အဲ့ဒီနောက် စည်ပင်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ စည်ပင်ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ ပါတီကိုယ်စားလှယ်တွေအနေနဲ့ တိုတောင်းလှတဲ့ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေး ကာလအတွင်း တတ်နိုင်သလောက် မဲဆွယ်စည်းရုံးခဲ့ကြတာ တွေ့မြင်ရတယ်။ အထူးသဖြင့် အာဏာရ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့လယ်မှာ အင်တိုက်အားတိုက် မဲဆွယ်စည်းရုံးခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီကတော့ စည်းရုံးရေး သိပ်လုပ်ခဲ့တာ မမြင်ရဘူး။ အာဏာရ အဖွဲ့ချုပ်ပါတီက ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် စည်ပင်ရွေးကောက်ပွဲ အကြိုကာလအတွင်း မြို့နယ်အတော်များများကို နေ့စဉ်ရက်ဆက်သွားလာပြီး သူကိုယ်တိုင် စည်ပင်အတွက် တဖက်တလမ်းက မဲဆွယ်စည်းရုံးပေးခဲ့တယ်လို့ ဆိုနိုင်တယ်။ အာဏာရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စည်ပင်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခဲ့တာ၊ ပါတီ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် စည်ပင်ရွေးကောက်ပွဲမှာ မဲလာပေးခဲ့တာတွေဟာလည်း တနည်းအားဖြင့် စည်ပင်ရွေးကောက်ပွဲအပေါ် အလေးထားကြောင်း ပြသခဲ့တာတွေပဲ ဖြစ်တယ်။ ဒီလို အကြောင်းပေါင်းများစွာ စုဆုံခဲ့ပြီးတဲ့နောက် စည်ပင်ရွေးကောက်ပွဲဟာ လူမစည်ပေမယ့် အာဏာရ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ အားလုံးနီးနီး ရွေးကောက်ခံခဲ့ရပါတော့တယ်။ ဒီအနေအထားတွေအရ အာဏာရ အဖွဲ့ချုပ်ဟာ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကနေ အဖွဲ့ချုပ်ရဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကြိုတင်အားစမ်းကြည့်လိုက်ပုံရပြီး အခြေအနေကောင်း ထွက်ပေါ်ခဲ့တယ်လို့ ဆိုနိုင်တယ်။ တဖက်မှာလည်း အဖွဲ့ချုပ်ကိုယ်စားလှယ်အများစု စည်ပင်ကော်မတီထဲ ရောက်သွားတဲ့အတွက် အဖွဲ့ချုပ်မှာ တာဝန်ပိုကြီးသွားတယ်။ ရန်ကုန်စည်ပင်ရဲ့ လုပ်ဆောင်ချက်တွေဟာ အဖွဲ့ချုပ်အပေါ် အရိပ်ထိုးသွားပြီဖြစ်လို့ စည်ပင်လုပ်ဆောင်ချက် တိုးတက်အောင်မြင်မလာရင် အဖွဲ့ချုပ်ပဲ အပြောအဆို ခံရနိုင်တယ်။ ပြောရရင် ရန်ကုန်စည်ပင်ရဲ့ အခုကစလို့ လုပ်ဆောင်ချက်တွေဟာ ၂၀၂၀ မှာ အဖွဲ့ချုပ်အတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနေပြီ ဆိုတာပဲ ဖြစ်တယ်။ ကိုရွှေအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013